သာကေတမြို့နယ် အနော်မာ မင်္ဂလာသောက်ရေကန် ဘေးရှိ မြေကွက်များ ခြံစည်းရိုး ခတ်ခြင်းကို ဥပဒေနှင့်အညီ လုပ် ဆောင်မည်ဖြစ်ကြောင်း မြေပိုင် ရှင်များက ဇန်န၀ါရီ ၁၀ ရက်တွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီး သာ ကေတမြို့နယ် ဧရာဝဏ်လမ်း ပေါ်ရှိ မြေကွက်အမှတ် (၂၅) မှ (၃၉) အထိ မြေကွက် ၁၅ ကွက် အနက် ၁၀ ကွက်ကို ဇန်န၀ါရီ ၈ ရက်တွင် ခြံခတ်ရန်ပြုလုပ်စဉ် ရပ် ကွက်နေပြည်သူအချို့က လာ ရောက်ကန့်ကွက်သဖြင့် ရပ်ဆိုင်း ခဲ့သည်။ သို့သော် ခြံခတ်ခြင်းလုပ်ငန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ကန့်ကွက်မှုများရှိလာပါက ဥပဒေနှင့်အညီဆောင်ရွက် မည်ဖြစ်ကြောင်း ဇန်န၀ါရီ ၁၀ ရက်က ဆီဒိုးနားဟိုတယ်တွင် ပြု လုပ်သည့်သတင်းစာရှင်းလင်းပွဲ ၌ မြေကွက်ပိုင်ရှင်များက ပြော သည်။
‘‘ပြီးခဲ့တဲ့အစိုးရလက်ထက် မှာ ကန်သာယာရေးကော်မတီဆို တဲ့ပုဂ္ဂိုလ်တွေက ခြံခတ်တာကို ကန့်ကွက်ခဲ့ကြတယ်။ အဲဒီတုန်း က ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီကလည်း ဆက် မလုပ်ဆောင်ဖို့ ညွှန်ကြားစာထုတ် တယ်။ ဒါပေမဲ့အစိုးရသစ်လက် ထက်မှာ သတ်မှတ်ထားတဲ့စည်း ကမ်းချက်တွေနဲ့အညီ လုပ်ဆောင် မယ်ဆိုပြီး ခြံခတ်ခွင့်အတွက် အ သနားခံစာတင်တယ်။ ကွင်းဆင်း စစ်ဆေးပြီး လုပ်ဆောင်ခွင့်ပြုတယ်။ ဒါကို ထပ်မံပြီးကန့်ကွက် လာတာတွေရှိနေတယ်’’ဟု မြေ ကွက်ပိုင်ရှင်တစ်ဦးကပြောသည်။
အထက်ပါမြေကွက် ၁၅ ကွက်ကို နှစ် ၆၀ မြေငှားဂရန်ဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ၁၉၉၇ တွင် ထုတ်ပေးခဲ့သော်လည်း ရပ်ကွက်နေပြည်သူများက အနော်မာ မင်္ဂလာ သောက်ရေကန် ပျက်စီးနိုင်၍ ကန့်ကွက်ခဲ့သောကြောင့် ၂၀၁၅ ဇွန်လ ၈ ရက်တွင် ခြံခတ်ခွင့်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။
သို့ရာတွင် ၂၀၁၆ ဇွန်လ ၂၈ ရက်တွင် ရန်ကုန်မြို့တော်စည် ပင်က မြေကွက် ၁၂ ကွက်ကိုခြံစည်းရိုးကာရံခွင့် ပြန်လည်ခွင့်ပြုပေးခဲ့သည်။
အဆိုပါမြေကွက်အငြင်းပွား မှုများနှင့်ပတ်သက်၍ ယခင်မြို့ တော်ဝန် ဦးလှမြင့်လက်ထက် တွင် ခြံခတ်ခြင်းကို တားဆီးရန် အစီအစဉ်မရှိကြောင်းလွှတ်တော် ၌ တစ်ကြိမ်ဖြေကြားခဲ့ဖူးပြီး ယခုအစိုးရလက်ထက်တွင် မြို့တော်ဝန်ကိုယ်စား ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ယင်းမြေကွက်များ၏ဂရန်များကို အပြီးတိုင် ပယ်ဖျက်ပေးရန်အစီအစဉ် မရှိကြောင်းဖြေကြားခဲ့သည်။
မြေကွက် ၁၅ ကွက်အနက် ငါးကွက်ကိုခြံစည်းရိုးခတ်ထား ပြီး ဖြစ်ကြောင်းနှင့် ၁၅ ကွက်လုံး ခြံ ခတ်ပြီးချိန်တွင် အထပ်မြင့် အ ဆောက်အအုံ ဆောက်လုပ်မည်မဟုတ်ဘဲ လုံးချင်းလူနေအိမ်များသာ ဆောက်လုပ်မည်ဖြစ်ကြောင်း မြေကွက်ပိုင်ရှင်များက သတင်းထောက်များအားပြောသည်။
ထို့အပြင် အနော်မာ မင်္ဂလာ ရေကန်အတွင်း ရေဆိုးမ၀င် ရောက်ရန် မြေကာနံရံကို မြေ ကွက်ပိုင်ရှင်များက ငွေကျပ်သိန်း ခြောက်ရာ အကုန်အကျခံကာ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း မိလ္လာကန်စနစ်ကိုလည်း နည်းပ ညာသုံး၍ စနစ်တကျလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီကို ကတိပြုထားသည် ဟု မြေကွက်ပိုင်ရှင်များက ပြော သည်။
အထက်ပါမြေကွက် ၁၅ ကွက်မှာ တစ်ကွက်လျှင် ပေ ၄၀×၆၀ အကျယ်အ၀န်းရှိပြီး ယင်းတို့အနက် မြေကွက်တစ် ကွက်တွင် ဂိုဒေါင်ဆောက်လုပ်၍ လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ဖွင့် လှစ်ထားကြောင်းသိရသည်။
Credit: 7DayDaily