အာရှအိမ်ခြံမြေဆုပေးပွဲ (APA ) သည် ၂၀၁၇ မြန်မာအိမ်ခြံမြေဆုပေးပွဲကို လာမည့် ဇွန်လကုန်ပိုင်းတွင် ကျင်းပသွားမည်ဖြစ်ရာ
မိမိတို့နှစ်သက်သည့် ဟိုတယ်များ၊ ပြန်လည်မွမ်းမံသည့်
စီမံကိန်းများနှင့် အိမ်ခြံမြေကဏ္ဍထူးချွန်ပုဂ္ဂိုလ်များအား အမည်စာရင်း စတင်တင်သွင်းနိုင်ကြောင်း ဘန်ကောက်အခြေစိုက် အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
၂၀၁၇ မြန်မာအိမ်ခြံမြေဆုပေးပွဲကို ဆူးလေရှန်ဂရီလာဟိုတယ်တွင် ၂၀၁၇ ခုနှစ်၊ ဇွန်လ ၃၀ ရက်၊ သောကြာနေ့တွင် ကျင်းပရန် စီစဉ်ထားသည်။
အမည်စာရင်းတင်သွင်းမှုကို http://www.asiapropertyawards.com/nominations/ အင်တာနက်လင့်ခ်တွင် Developer များ၊ ဝယ်လက်များ၊ သာမန်ပြည်သူများအားလုံး ပါဝင်ကာ အမည်စာရင်းတင်သွင်းနိုင်သည်ဟု ကြေညာထားသည်။
ယခုဆုပေးပွဲအတွက် ယှဉ်ပြိုင်မည့်သူပေါင်း ၁၂၀ ကျော်ရှိလာမည်ဟု ခန့်မှန်းထားသည်။
ယခင်နှစ်တွင်မူ ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မှီသူ ၇၆ ဦးသာ ရှိခဲ့သည်။
အမည်စာရင်းတင်သွင်းရမည့် နောက်ဆုံးနေ့ရက်မှာ ဧပြီလ ၂၁ ရက်ဖြစ်သည်။
၂၀၁၇ အိမ်ခြံမြေဆုပေးပွဲ အစီအစဉ်များနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်၊ ကုန်းဘောင်-တကောင်းခန်းမတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အာရှအိမ်ခြံမြေဆုပေးပွဲကို တည်ထောင်သူ၊ မန်နေးဂျင်းဒါရိုက်တာမှာ
တယ်ရီ ဘလက်ဘန်းဖြစ်သည်။
ဆုပေးပွဲစီစဉ်သူများနှင့် ဒိုင်လူကြီးများသည် ၎င်းတို့၏ ပထမဆုံးတရားဝင်အစည်းအဝေးကို ၂၀၁၆၊ ဒီဇင်ဘာ ၁၃ ရက်တွင် ဆူးလေရှန်ဂရီလာဟိုတယ်၌ ပြုလုပ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)