နယူးယောက်မြို့လယ်၊ မန်ဟက်တန်အရပ်၊ ဝါးလ်ဒေါ့ဖ် အက်စ်တိုးရီးယားဟိုတယ်၊ La Chine စားသောက်ဆိုင်၏ သီးသန့် ညစာစားခန်းတစ်ခုအတွင်း ကုမ္ပဏီအမှုဆောင်အရာရှိအချို့ စုရုံးရောက်ရှိလျက် ရှိသည်။
ကြီးမားလှသော စားပွဲကြီးပေါ်တွင် တရုတ်အစားအစာများ ပြည့်နှက်နေသည်။အစားအစာများအလယ်တွင် ကားတစ်ပုလင်းလျှင် ကန်ဒေါ်လာ ၂၁၀၀ (မြန်မာငွေ ၂၈ သိန်းကျော်- ဇန်နဝါရီ ၁၀ ရက်ငွေလဲနှုန်းအရ) တန်ကြေးရှိရှာ တူးလာဖိုက် ရော့စ်ချိုင်းဝိုင်ပုလင်းများ အများအပြား ရှိနေသည်။
စားပွဲကြီး၏ တစ်ဘက်ထိပ်တွင် ဝါးလ်ဒေါ့ဖ် အက်စ်တိုးရီးယား ဟိုတယ်ပိုင်ရှင် အန်ဘန်အာမခံအုပ်စု၏ ဥက္ကဌဝူရှောက်ဟွေ ထိုင်နေ၏။ ဝူရှောက်ဟွေသည် ဝါးလ်ဒေါ့ဖ်ဟိုတယ်ကို ၂၀၁၅ ခုနှစ်အတွင်းကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
အခြားတစ်ဘက်တွင် ကားနယူးယောက်ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းရှင် ဂျရက်ဒ်ကွတ်ရှ်နာ ထိုင်နေလေသည်။ ဂျရက်ဒ်၏ ယောက္ခမမှာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခြင်း ခံထားရသူ ဒေါ်နယ်ထရမ့်ပင် ဖြစ်၏။ ထရမ့်၏ သမီးအိုင်ဗန်ကာမှာဂျရက်ဒ်၏ ဇနီးဖြစ်လေသည်။
၎င်းတို့နှစ်ဦး သီးသန့်ခန်းတစ်ခုအတွင်း ရောက်ရှိနေကြသည့် အကြောင်းရင်းကား မန်ဟက်တန်ရပ်၊ ပဉ္စမရိပ်သာလမ်း၊ အမှတ် ၆၆၆ ရှိ ၄၁ ထပ် အဆောက်အအုံကို ပြန်လည်မွမ်းမံရေးအတွက် လက်တွဲကြရန် ဖြစ်လေသည်။
အန်ဘန်ကတရုတ် ခေါင်းဆောင်ပိုင်းနှင့် အနီးကပ်ဆက်ဆံရေးရှိပြီး ဂျရက်ဒ်က အိမ်ဖြူတော်နှင့် အနီးကပ် ဆက်ဆံရေး ရှိလာမည့်သူ ဖြစ်၏။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် အိုဘားမားက ရှုမြင်လာစေသည်အထိ အန်ဘန်က အမေရိကတွင် ရင်းနှီးမြှုပ်နှံမှု အလုံးအရင်း ပြုလုပ်ထားသည်။
ဝါးဒေါ့ဖ်တွင် ပြုလုပ်ခဲ့သည့် ယခုဆွေးနွေးပွဲမှာ ထရမ့်မိသားစု၏ ဘီလီယံချီသော စီးပွားရေးလုပ်ငန်းများကို မီးမောင်းထိုးပြသလိုက်ခြင်းလည်း ဖြစ်သည်။
ကွတ်ရှ်နာတွင် မူဝါဒရေးရာနှင့် စပ်လျဉ်း၍ ထရမ့်ကို အကြံပေး ပဲ့ကိုင်နိုင်သည့် လက်မှတ်ရှိကြောင်းလည်း လှစ်ဟပြသနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)