စံချိန်တင် အရောင်းအဝယ် ကျဆင်းနေတဲ့ မန္တလေးအိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူအသစ် တွေကြောင့် အရောင်းအဝယ်လှုပ်ခတ်နေတယ်လို့ အကျိုးဆောင်အချို့က ဆိုပါတယ် ။
မန္တလေးအိမ်ခြံမြေ ဈေးကွက်မြို့တွင်းမှာရော မြို့ပြင်မှာပါ အရောင်းအဝယ်အေးစက် ဈေးကျဆင်းနေတဲ့ အချိန်မှာ မန္တလေးမြို့နဲ့ အတန်ငယ်ဝေးပြီး ချောင်ကျတဲ့ ဒေသတွေက မြေယာတွေမှာ အရောင်းအဝယ်ကောင်းမွန်လာတယ်လို့ အကျိုးဆောင်အချို့က ပြောပါတယ် ။
‘အဝယ်ပြန်လိုက်နေတာ ဒီနှစ်ဆန်းပိုင်းလောက်မှ ပုသိမ်ကြီးဘက်တို့ နောက်မဲခင်းကုန်တို့ အဲဒီလိုဘက်တွေက နေရာအကျယ်အဝန်းအလိုက် (ကျပ်သိန်း) ၅၀ ကနေ ၃၀၀၀ အောက်တန်လေးတွေ ပြန်လိုက်တယ် ၊ ၅၀ လောက်ကနေ ၁၀၀ ပေါ်ပေါ်ထဲက ပိုအဝယ်သွက်တယ်’ လို့ နယ်ခံအကျိုးဆောင် ဦးမျိုးဆောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခု တစ်နှစ်လုံးမှာ အိမ်ခြံမြေဈေးကွက်အတွင်း စီးပွားရေးလုပ်ငန်းသမားတွေ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှု သိသိသာသာ လျော့နည်းသွားခဲ့ပြီး မြို့တွင်းသာမက မြို့ပြင်က မြေယာတွေမှာပါ အရောင်းအဝယ်ကျဆင်းလာတယ် ။
ယခုနှစ်ဆန်းမှာတော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတဲ့ စီးပွားရေးသမားအချို့ အိမ်ခြံမြေ ဈေးကွက်ထဲမှာ ပြန်လည်ရင်းနှီးမြှုပ်နှံ ဝင်ရောက်မှုတွေ ရှိနေတယ်။
မန္တလေးအိမ်ခြံမြေဈေးကွက်ရဲ့ အလားအလာအခြေအနေဟာ မြို့တွင်းက နေရာကို ကျပ်သိန်းသောင်းချီ ဈေးကြီးပေးဝယ်လှောင်ထားတာထပ် မြို့ပြင်ကနေရာကို ဝယ်လှောင်ရတာက ပိုမိုတွက်ခြေကိုက်တာကြောင့် မန္တလေးမြို့အပြင်ဘက်က နေရာတွေမှာ ယခုလို ဝယ်ယူလာကြတာဖြစ်မယ် ။ အဲသည်အပြင် မြေကို အမှန်တကယ် အသုံးချ ဝယ်ယူသူအချို့ကြောင့်လည်း တန်ဖိုးနည်းမြေယာတွေ အဝယ်လိုက်နေတာ ဖြစ်တယ် ။
မြန်မာငွေနဲ့ ဒေါ်လာလဲလှယ်ရာမှာ ကျပ်ငွေတန်ဖိုး နိမ့်ကျလာပြီး ငွေကြေးဖောင်းပွမှုကို ဦးတည်လာတာကလည်း အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကို စီးဝင်စေတယ်လို့ ဝါရင့်အိမ်ခြံမြေ အကျိုးဆောင်အချို့က ပြောပါတယ် ။
တန်ဖိုးနည်းမြေတွေမှာ အရောင်းအဝယ်ကောင်းမွန်စပြုနေပေမဲ့ ဈေးနှုန်းမြင့်တက်လာတာမျိုး မတွေ့ရဘဲ ယခင်က ဈေးနှုန်းထက် အနည်းငယ် ဈေးလျော့သွားတယ်လို့ သိရပါတယ် ။
Credit: Kumudra