အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့ပြင်၊ ဘို့သဲမြို့ရှိ အိမ်ရှင်တစ်ဦးသည် အိမ်ငှားများအနေဖြင့် အသားမစားပါဟု ကတိပေးပါက တစ်လလျှင် ကန်ဒေါ်လာ ၂၂၀၀ ငှားရမ်းခရှိသည့် နေအိမ်ကို ဒေါ်လာ ၂၀၀ ဈေးလျှော့ငှားရမ်းမည်ဖြစ်ကြောင်း ကြေညာကာအငှားဈေးကွက်တင်ခဲ့ဖူးသည်။
ငှားရမ်းမည့်နေအိမ်တွင် အိပ်ခန်းသုံးခန်းပါဝင်ကာ မီးလင်းဖိုနှင့် ရေစိမ်ကန်တစ်ခုတို့လည်း ပါဝင်သည်။
နေအိမ်အကျယ်အဝန်းမှာ ၁၅၆၆ စတုရန်းပေဖြစ်သည်ဟု ဆိုသည်။
အိမ်ရှင် ဂျီနက်ရှ် ဗာရီယာသည် ဝါရှင်တန်အခြေစိုက် သက်သတ်လွတ်သမားများအဖွဲ့ဝင်တစ်ဦးဖြစ်သည်။
ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ကမ္ဘာကြီးပေါ်တွင် နေထိုင်ကြသည့်လူသားများ ကျန်းမာချမ်းသာစေရေး ဖြစ်သည်။
အမေရိကန်နိုင်ငံသားများအနေဖြင့် ဟင်းသီးဟင်းရွက်တို့၏ အကျိုးကျေးဇူးများကို သိရှိလာစေရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။
“ကျွန်တော်တို့ ဒီလိုနည်းလမ်းနဲ့ အသိအမြင်ကို ပြန့်ပွားအောင် လုပ်နိုင်ပါတယ်” ဟု ဗာရီယာက ပြောကြားသည်။
သက်သတ်လွတ်စားခြင်းမှာ အမှန်တကယ်တွင် ပိုမို၍ အကုန်အကျများသည်ဟု ဆိုကြသည်။
ယခုနေအိမ်မှာမူ အသားစားသူများအတွက် အိမ်လခပိုမိုကုန်ကျစေမည် ဖြစ်လေသည်။
ဗာရီယာနေထိုင်သည်မှာလည်း ငှားရမ်းမည့်နေအိမ်အနီးတွင်ဖြစ်ပြီး သူ၏ ကလေးငယ်မှာ ၉ လအရွယ်ရှိပြီဖြစ်ကာ လေးဘက်သွားစပြုနေပြီဖြစ်ရာ သက်သတ်လွတ်စားသည့် အိမ်နီးချင်းဝန်းကျင်တွင် ပိုမိုအန္တရာယ်ကင်းမည်ဟုလည်း ယူဆခြင်းကြောင့် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)