ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်ရောင်းချတဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ဒုတိယအသုတ်အဖြစ် လာမယ့် ဧပြီလမှာ ထပ်မံရောင်းချပေးမှာ ဖြစ်ပါတယ် ။
ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၂) ၊ အပိုင်း (၃) နဲ့ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁)ကအခန်းတွေကို ရောင်းချမှာပါ ။ ပျမ်းမျှအခန်းတန်ဖိုးတွေက ကျပ်သိန်း ၁၂၀ ခန့်ရှိမှာဖြစ်တယ် ။ အခန်းအကျယ်အဝန်း ၊ အထပ်အနိမ့် အမြင့်ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှာပါ ။ အထပ်မြင့်ကတော့ လေးထပ်ခန့်ဖြစ်ပါတယ် ။
ယုဇနတန်ဖိုးနည်းအိမ်ရာ စီမံကိန်း အပိုင်း (၃)က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်က မြေဧက ၂၀ ပေါ်မှာ တည်ဆောက်မှာပါ ။ ပေ ၂၀ × ပေ ၂၀ အကျယ်အခန်းပေါင်း (မြေညီမပါ) ၁၀၄၀ခန်း ၊ ပေ ၂၀ ×ပေ ၂၀ (မြေညီဆိုင်ခန်းအပါ) အခန်းပေါင်း ၂၁၆ ခန်း ၊ ၁၆ ပေ × ၂၄ ပေ အကျယ်အခန်းပေါင်း ၉၀၀ ၊ စုစုပေါင်း အခန်း ၂၁၅၀ ခန်း ဖြစ်ပါတယ် ။
ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာက လက်ရှိတည်ဆောက်မှု ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပါပြီ ။ မြေဧက ၉.၅ ဧက ပေါ်မှာ ၁၈ ပေ × ၁၈ ပေ အကျယ်အဝန်းရှိ အခန်းပေါင်း ၁၂၆၀ ခန်းဖြစ်ပါတယ် ။
ယုဇနအိမ်ရာ အပိုင်း (၁) နဲ့ (၂) (စီမံကိန်း တစ်ဝက်) ကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်းက ပထမအကြိမ် ဘဏ်အရစ်ကျ စနစ်နဲ့ ရောင်းချပေးခဲ့ပါတယ် ။ ကျန်ရှိနေသေးတဲ့ ယုဇနအိမ်ရာ အပိုင်း(၂)(ကျန်တဲ့တစ်ဝက်) ကို လာမယ့် ဧပြီလမှာ ကျန်စစ်မင်းနဲ့ ယုဇနအိမ်ရာ အပိုင်း (၃) တို့နဲ့အတူရောင်းပေးမှာ ဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ‘တန်ဖိုးနည်းအိမ်ရာတွေက ဈေးကတော့ ပျမ်းမျှကတော့ ကျပ်သိန်း ၁၂၀ ပေါ့ ၊ အာရ်စီတွေချည်းပဲ ၊ ၂၂ ပေပတ်လည်ဆိုတော့ နည်းနည်းပိုကျယ်တာပေါ့ ၊ ၁၂၅ သိန်းပေါ့ မြေညီထပ်တွေက ၊ ခြောက်ခန်းတွဲလေးထပ် ၊ ရှစ်ခန်းတွဲ လေးထပ်တွေ တည်ဆောက်နေတယ်’ လို့ ပြောပါတယ် ။
တန်ဖိုးနည်းအိမ်ရာတွေကို ဘဏ်ချေးငွေ ရှစ်နှစ်အရစ်ကျပေးချေတဲ့စနစ်နဲ့ ရောင်းချခဲ့ပြီး လာမယ့် စီမံကိန်းတွေကိုတော့ ၁၅ နှစ် အရစ်ကျ ချေးငွေကို တိုးမြှင့်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ် ။
Credit: Kumudra