အီရတ်တွင် တောင်ကိုရီးယားကုမ္ပဏီ Hanwha Engineering and Construction က ဆောက်လုပ်လျက်ရှိသော ဘစ္စမေယာမြို့သစ် စီမံကိန်းသည် ၃၀ ရာခိုင်နှုန်းခန့် ပြီးစီးလျက် ရှိပြီဖြစ်ပြီး အိမ်ထောင်စု ၅၀၀၀ ခန့် ရွှေ့ပြောင်းနေထိုင်လျက်ရှိပြီဖြစ်ကြောင်း အရှေ့အလယ်ပိုင်း အခြေစိုက် အိမ်ခြံမြေ သတင်း ဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဘစ္စမေယာမြို့သစ်သည် ဘဂ္ဂဒက်မြို့တော် အရှေ့တောင်ဘက် ၁၀ ကီလိုမီတာအကွာတွင် တည်ရှိပြီး စတုရန်းမီတာ ၁၈ ဒသမ ၃ သန်း အကျယ်အဝန်းရှိသည့် မြေနေရာပေါ်တွင် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
မြို့သစ်တွင် နေအိမ်ပေါင်း ၁၀၀၀၀၀ ၊ အင်စတီကျုးရှင်း ၃၀၀ ခန့်၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် အများပြည်သူဆိုင်ရာ နေရာများ ပါဝင်မည် ဖြစ်သည်။
မြို့သစ်အတွင်း မြို့ ၈ မြို့ ပါဝင်မည်ဖြစ်ကာ ပထမဆုံးမြို့သို့ အိမ်ထောင်စု ၅၀၀၀ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားကုမ္ပဏီနှင့် အီရတ်အစိုးရအကြား ၂၀၁၂ ခုနှစ်တွင် သဘောတူစာချုပ်ချုပ်ဆိုခဲ့သည့် စီမံကိန်းဖြစ်ပြီး စီမံကိန်းတန်ကြေးမှာ ကန်ဒေါ်လာ ၈ ဘီလီယံ ဖြစ်သည်။
နောက်ပိုင်းတွင် လူမှုရေးအခြေခံအဆောက်အအုံများကိုလည်း ကန်ဒေါ်လာ ၂ ဒသမ ၁ ဘီလီယံဖြင့် ထပ်မံဆောက်လုပ်ပေးရန်အတွက် ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ထပ်မံလက်မှတ်ရေးထိုးခဲ့ရာ စုစုပေါင်းစာချုပ်တန်ဖိုးမှာ ၁၀ ဒသမ ၁ ဘီလီယံဖြစ်သည်။
ယင်းမြို့သစ်ကြီးသည် အရှေ့အလယ်ပိုင်းနှင့် အီရတ်သမိုင်းတွင် အကြီးမားဆုံးမြို့သစ်စီမံကိန်းတစ်ခုဖြစ်ပြီး လူပေါင်း ၆၀၀၀၀၀ နေထိုင်နိုင်မည်ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)