မန္တလေးမြို့ရှိ ချမ်းမြ သာစည်မြို့နယ် တန်ဖိုးမျှတအိမ်ရာ အခန်း မဲပေါက်သူများအား အိမ်ပိုင်ဆိုင်မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးမည် မဟုတ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးကပြောသည်။
မန္တလေးတိုင်းဒေသကြီးတွင် အိမ်ရာပိုင်ဆိုင်မှု မရှိသည့် အစိုးရ ၀န်ထမ်း၊ အငြိမ်းစား၊ ကုမ္ပဏီ ၀န်ထမ်းနှင့် ၀င်ငွေနည်းပြည်သူများအတွက် အခန်း ၅၆၀ ပါဝင်သည့် တန်ဖိုးမျှတအိမ်ရာရှိ တိုက်ခန်း များကို မဲနှိုက်၍ ဇန်န၀ါရီ ၄ ရက်ကရောင်းချပေးခဲ့ခြင်း ဖြစ်သည်။
‘‘လျှောက်လွှာတွေမှာ တကယ် အိမ်မပိုင်ဆိုင်ကြောင်း ရပ် ကွက်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက်တွေ ပါလာပါတယ်။ အုပ်ချုပ်ရေးမှူးတွေကလည်း အစိုးရဖြစ်တဲ့အတွက်၊ သူတို့ရဲ့ ဂုဏ်သိက္ခာကို ယုံကြည်တဲ့အတွက် ပြန်မစစ်တော့ပါဘူး။ ဦးတို့ဌာနမှာ အင်အားကလည်း နည်းပါတယ်။ ဒီလိုအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက် ခံချက်တွေနဲ့ လုပ်တဲ့အတွက် လျှောက်လွှာဝယ်ယူသွားသူရဲ့ တစ်ဝက်လောက်ပဲ လာလျှောက်ပါ တော့တယ်’’ဟု ညွှန်ကြားရေးမှူးဦးအောင်ကျော်ဦးက ပြောသည်။
တန်ဖိုးမျှတ တိုက်ခန်းဝယ်ယူ ခွင့် မဲနှိုက်ရွေးချယ်ပွဲကို အောင်မြေ သာစံမြို့နယ် ကျုံးအရှေ့ဘက် ၆၆ လမ်း၊ ၁၉ လမ်းအနီးရှိ မြို့ပြ နှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတွင် ပြုလုပ်ရာ မဲနှိုက်သူများပြား၍ ၆၆ လမ်းတစ်လျှောက်တွင် ယာဉ် ကြောပိတ်ဆို့မှုဖြစ်ပွားသဖြင့် ၁၉ လမ်း မီးပွိုင့်မှယာဉ်ဖြတ်သန်းမှု ပိတ်ထားခဲ့သည်။
မဲနှိုက်ရွေးချယ်သည့် ဇန်န၀ါ ရီ ၄ ရက်ကလည်း တန်ဖိုးမျှတ အိမ်ရာ တိုက်ခန်း လျှောက်ထားသူများသည် မော်တော်ယာဉ်အ ကောင်းစားများဖြင့် လာရောက်သည့်ပုံများ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီး ဝေဖန်မှုများ ရှိခဲ့သည်။
‘‘ကျွန်မက ကုမ္ပဏီဝန်ထမ်းပါ။ သူတို့ရောင်းတဲ့နှုန်းထားက ၀ယ်နိုင်တယ်။ ဒါပေမဲ့ အချိုးချတွက်တော့ ကုမ္ပဏီဝန်ထမ်းအတွက် အခန်း အရေအတွက်က နည်းသွားတော့မရဘူးပေါ့ရှင်။ အခုမဲလာနှိုက်တဲ့သူတွေက ကျပ် သိန်းရာကျော်တဲ့ ကားတွေနဲ့လာကြတယ်။ သူတို့ပဲကားစီးပြီး အိမ် နေစရာ မရှိတာလားဆိုတာ မပြောတတ်တော့ဘူးရှင်။ တစ်ခုတော့ ပြောချင်တယ်။ အစိုးရအနေနဲ့ မျှမျှတတ မဲနှိုက်ပေးပေမယ့် ပေါက်သွားတဲ့သူတွေဟာ တကယ်နေစရာမရှိတာ ဟုတ်၊ မဟုတ် သေချာ တော့ စစ်ဆေးပေးစေချင်တယ်။ နောက်ပြီး ကျွန်မတို့ပုဂ္ဂလိက၀န် ထမ်းတွေအတွက်ပါ အခန်းများ များ ရောင်းချပေးစေချင်တယ်’’ဟု တန်ဖိုးမျှတအိမ်ရာ မဲနှိုက်ခဲ့သူ ဒေါ်မြတ်သဇင်ခိုင်က ပြောသည်။
တန်ဖိုးမျှတအိမ်ရာအပိုင်း (၂)တွင် အခန်း ၅၆၀ ရှိရာ နိုင်ငံ့ ၀န်ထမ်းလျှောက်ထားသူ ၅,၁၅၅ ဦးအတွက် ၃၈၅ ခန်း၊ အငြိမ်းစား ၀န်ထမ်း ၁,၁၄၆ ဦးအတွက် ၈၄ ခန်း၊ ကုမ္ပဏီဝန်ထမ်း ၅၃၁ ဦးအတွက် အခန်း ၄၀၊ ၀င်ငွေနည်း ပြည်သူ ၇၁၂ ဦးအတွက် ၅၁ ခန်း အချိုးကျ ခွဲဝေရောင်းချခဲ့ကြောင်း သိရ သည်။
Credit: 7DayDaily