ယခုနှစ်များအတွင်း ငှားရမ်းခြင်း တစ်ခုသာ အလုပ်ဖြစ်သော အိမ်၊ ခြံ၊ မြေ ဈေးကွက်တွင် တစ်လလျှင် ကျပ် ၁၅ သိန်းနှင့်အထက် ငှားရမ်းသူ နည်းပါးပြီး ငှားရမ်းခ ဈေးနှုန်းများ ကျဆင်းကြောင်း အဆိုပါ ဈေးကွက် အတွင်းမှ သိရသည်။
ကျပ် ၁၅ သိန်းနှင့်အထက် တိုက်ခန်း၊ လုံးချင်းနှင့် ကွန်ဒိုအငှားဈေးနှုန်းများသည် ၂၅ ရာခိုင်နှုန်းခန့်အထိ ဈေးနှုန်းကျဆင်းပြီး ကျပ်ငါးသိန်းမှ ၁၀ သိန်းခန့်ဈေးရှိ အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်းမှာ ငါးရာခိုင်နှုန်းခန့် ဈေးကျသွားကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။
သို့သော် ကျပ်တစ်သိန်းနှင့် နှစ်သိန်းခန့်ဈေးရှိ အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ပုံမှန်ငှားရမ်းမှု ရှိကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
“စီးပွားရေးက သိပ်မကောင်းတော့ အငှားရာသီတောင်မှ အငှားက မဖြစ်ဘူး။ ရပ်ကွက်တွေထဲက အိမ်ခန်းလေးတွေ၊ ဈေး အနိမ့်တိုက်ခန်းလေးတွေကတော့ ပုံမှန် Demand ရှိတော့ နည်းနည်းဖြစ်တာပေါ့” ဟု Estate Myanmar အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်း အုပ်ချုပ်မှု ဒါရိုက်တာ ဦးဟိန်းမိုးမြင့်လွင်က ပြောဆိုသည်။
ထို့ပြင် ၂ နှစ်ကျော်ကြာ အရောင်းအဝယ် အေးစက်နေသော အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ဈေးကွက်မှာလည်း ဆက်လက်အေးစက်လျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမှသာ ပြန်လည်ကောင်းမွန်လာဖွယ် ရှိကြောင်း အိမ်၊ ခြံ၊ မြေ လုပ်ငန်းရှင်များက ပြောကြားသည်။
Credit: The Voice