ရန်ကုန်တွင် ၉ထပ်နှင့်အထက် အထပ်မြင့်စီမံကိန်းအသစ်များထပ်မံတည်ဆောက်ရန် လာရောက်လျှောက်ထားသည့်အလုံးများကို ချက်ချင်းကြီး ခွင့်ပြုမည်မဟုတ်ဘဲ သေချာစွာ စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
လက်ရှိတွင် ဒီဇင်ဘာလအတွင်း အသစ်တည်ဆောက်ရန် လာရောက်လျှောက်ထားသည့် အလုံးရေ ၄လုံးနီးပါးရှိနေပြီး ၄င်းတို့ကို အချိန်ကြာမြင့်စွာစစ်ဆေးပြီးမှသာ ခွင့်ပြုမိန့်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
" ဒီဇင်ဘာလ ထဲမှာ လာလျှောက်ထားတာ ၂ခုသုံးခု ရှိနေပြီ သူတို့ကို ချက်ချင်းကြီး ခွင့်ပြုတဲ့ အဆင့်တော့ မရောက်သေးဘူး စစ်ဆေးနေဆဲပဲ " ဟု အထပ်မြင့် အဆောက်အဦးများ စစ်ဆေးရေးဌာနမှ ဌာနမှူး ဦးအောင်ဆန်းဝင်းက 7Day Dailyသို့ ပြောသည်။
၎င်းတို့ တင်ပြလာမှုများ အပေါ်အချိန်ယူစစ်ဆေးပြီးမှသာ တည်ဆောက်ခွင့် ပါမစ် ထုတ်ပေးမည်ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းကဆိုသည်။
နိုဝင်ဘာလ နောက်ပိုင်းမှစတင်ပြီး ရန်ကုန်တွင် အထပ်နိမ့် အထပ်မြင့် အဆောက်အဦးစီမံကိန်းများကို အသစ်တည်ဆောက်နိုင်ရန် ပြန်လည်ခွင့်ပြူပေးလျှက်ရှိရာ လာရောက်လျှောက်ထားသည့် အလုံးရေမှာ နည်းပါးနေခြင်းဖြစ်သည်။
အစိုးရသစ်တက်ပြီး နောက်ပိုင်း ခြောက်လခန့် ခေတ္တရပ်ဆိုင်းခြင်းခံရသည့် ရန်ကုန်မြို့ရှိအထပ်မြင့်၊အထပ်နိမ့် ဆောက်လုပ်ရေးလုပ်ငန်းများအားလုံးကို
နိုဝင်ဘာဒုတိယပတ်တွင် ပြန်လည်ခွင့်ပြုပေးခဲ့သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com