မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဆောက်လုပ်ရောင်းချမည့် ဒဂုံဆိပ်ကမ်း မြို့နယ် အတွင်းရှိ ယုဇန တန်ဖိုးနည်းအိမ်ရာစီမံကိန်း နှင့် လှိုင်သာယာ မြို့နယ်အတွင်းရှိ ရွှေလင်ပန်းတန်ဖိုးနည်း အိမ်ရာများကို ၀ယ်ယူရန် လျှောက်ထားသူများ အနက်မှ ၀ယ်ယူခွင့်ရရှိထားသူများ
စာရင်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။
'' ဇန်န၀ါရီ ၁၀ ရက်နေ့မှာ အတိအလင်းကြေညာပေးသွားမှာပါ ၊ ကျန်ခဲ့တဲ့ လူတွေအတွက်လည်း ဒုတိယ အသုတ်အိမ်ရာတွေ ဆက်လက်ဆောက်လုပ်လျက်ရှိလို့ မကြာခင် ထပ်မံရောင်းပေးဖို့လည်း အစီအစဉ် ရှိပါတယ် '' ဟု မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဦးမင်းအောင်အေးက ပြောသည်။
အိမ်ရာ ၀ယ်ယူခွင့်ရရှိထားသူများ စာရင်းကို ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မြို့ပြ နှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ရုံးအမှတ် ၄၀ နေပြည်တော် ၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်ရှိ တိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ( ရန်ကုန်တိုင်းဒေသကြီး ) နှင့် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ခွဲများ အားလုံးတွင် အတိအလင်း ကြေညာပေးသွားမည်ဖြစ်သည်။
ဝယ်ယူခွင့်ရရှိသူများ နှင့် ပက်သက်ပြီး ဆက်လက်ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်း ညွှန်ကြားရေးမှုးချုပ် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်း လျှောက်ထားသူများ လှိုင်သာယာ စက်မှုဇုန် ကနောင်ခန်းမတွင် မနက်၁၀ နာရီတွင် ရှင်းလင်းပြောကြားသွားမည်ဖြစ်သလို ၊ ယုဇနတန်ဖိုးနည်းအိမ်ရာလျှောက်ထားသူများ အတွက် ဇန်န၀ါရီလ ၁၂ ရက် ကြာသပတေးနေ့ နံနက် ၁၀ နာရီတွင် ဒဂုံဆိပ်ကမ်း စက်မှုဇုန် ကနောင်ခန်းမတွင်တွေ့ဆုံရှင်းလင်းပြောကြားသွာမည်ဖြစ်သည်။
ဆောက်လုပ်ရေး နှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာစုဆောင်းငွေ စာရင်းဖွင့်လှစ်ထားသူများ အနက်မှ တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်းနှုန်းကို ပေးသွင်းပြီးဖြစ်သည့် ပြည်သူများကိုဦးစားပေးရောင်းချသွား
မည်ဖြစ်ပြီး ကျန်သည့် ၇၀ ရာခိုင်နှုန်းကို
အရစ်ကျစနစ်ဖြင့်နှစ်ရှည်ရောင်းချပေးသွားမည်ဖြစ်သည်။
ကျပ်သိန်း ၁၃၄ သိန်းမှ ကျပ် ၉၈ သိန်းအထိပါဝင်မည့် တန်ဖိုးနည်းတိုက်ခန်းပေါင်း ခြောက်ရာကျော်ကို
ရောင်းချပေးသွားမည်ဖြစ်သည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com