မြန်မာနိုင်ငံ၏စတော့ရှယ်ယာဈေးကွက်အတွင်း ဈေးကွက်တင် ရောင်းချခွင့်ရှိသည့် လေးခုမြောက်စာရင်းဝင်ကုမ္ပဏီအဖြစ် ပထမပုဂ္ဂလိကဘဏ်ကို ခွင့်ပြုချက်ပေးတော့မည် ဖြစ်သည်ဟု
ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန် ကြေညာလိုက်သည်။
ပထမပုဂ္ဂလိကဘဏ်အား ယခု ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၂၀ ရက်မှ စတင်ကာ
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ကုမ္ပဏီအဖြစ် စတော့ရှယ်ယာ ရောင်းဝယ်နိုင်ရန်အတွက်
ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
ထို့အတူ ပထမပုဂ္ဂလိကဘဏ်၏ အစုရှယ် ယာတစ်စု ပေါက်ဈေးကိုလည်း ၎င်းနေ့တွင်
ရန်ကုန်စတော့အိတ်ချိန်းက အတည်ပြု ထုတ်ပြန်ပေးသွားမည်ဟု ပါရှိသည်။
ပထမပုဂ္ဂလိက ဘဏ်သည် ၎င်း၏ရှယ်ယာတစ်စုကို ကျပ် ငွေ ၂၀,၀၀၀ ဖြင့် အများပြည်သူများသို့
တိုက်ရိုက်ရောင်းချမှုဈေးကွက် (OTC Market)မှ တစ်ဆင့် ရောင်းချထားခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ၎င်း၏ ရှယ်ယာတစ်စု ပေါက်ဈေးကို တစ်စုလျှင် ကျပ်သုံးသောင်း တန်ဖိုးရှိသည်ဟုလည်း
ဘဏ်၏ တရားဝင် ၀က်ဘ်ဆိုက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်းစာရင်း ကုမ္ပဏီများ၏ ရှယ်ယာပေါက်ဈေးများသည်
ဇန်န၀ါရီ ၃ ရက်တွင် FMI ကုမ္ပဏီ ရှယ်ယာ တစ်စု ကျပ် ၁၄,၀၀၀၊ MTSH(သီလ၀ါ)ကုမ္ပဏီ
ရှယ်ယာတစ်စု ကျပ် ၄,၅၀၀ နှင့် MCB (မြန်မာနိုင်ငံသားများဘဏ်) ကုမ္ပဏီ ရှယ်ယာတစ်စု
ကျပ် ၉,၃၀၀ ဖြင့် အသီးသီး ဈေးပေါက်နေလျက်ရှိသည်။
သို့ရာတွင် ၎င်းရှယ်ယာပေါက် ဈေးများသည် ၂၀၁၆ ခုနှစ်၊ မေနှင့် ဇွန်လများအတွင်း ဖြစ်ပေါ်ခဲ့သည့်
ပေါက်ဈေးများအောက် များစွာကျဆင်းနေခဲ့သည်။
Credit: Myanmar Times