ဗီယက်နမ် သစ်ခွဲသားများကို တရုတ်ဝယ်လက်များမှ ဝယ်ယူမှုမှာ အနိမ့်ဆုံးအဆင့်အထိ ထိုးကျသွားကြောင်း ဗီယက်နမ်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဗီယက်နမ်တွင် သစ်ရှားပါးမှုကြောင့် လက်ရှိအားဖြင့် သစ်ခွဲသားအရွယ်အစားမျိုးစုံတို့၏ ဈေးနှုန်းများ ထိုးတက်သွားခြင်းကြောင့် ယခုကဲ့သို့ အဝယ်ကျဆင်းခြင်းဖြစ်ပြီး ဗီယက်နမ်ပြည်တွင်း သစ်လုပ်ငန်းအတွက် ဖိအားကြီးမားစွာ ကျရောက်လျက်ရှိသည်။
ယင်းသို့ သစ်ရှားပါးရခြင်းမှာလည်း တရုတ်ကုမ္ပဏီများစွာသည် နယ်စပ်မှတစ်ဆင့် ဗီယက်နမ် အလယ်ပိုင်းနှင့် တောင်ပိုင်းပြည်နယ်များ သို့ဝင်ရောက်ကာ ရာဘာနှင့် ထနောင်းသားများကို အလုံးအရင်းဝယ်ယူမှုများကြောင့် သစ်ရှားပါးမှုနှင့်အတူ ဈေးနှုန်း ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Binh Duong ပရိဘောဂအသင်းမှ ဥက္ကဌဖြစ်သူ ဟိန်ကွမ်းထန်းက ပြောကြားသည်။
သစ်ရောင်းလိုအားကျဆင်းမှုနှင့် ဈေးနှုန်းခေါင်ခိုက်နေမှုတို့ကြောင့် ပြည်တွင်းပရိဘောဂလုပ်ငန်းများ၏ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့သဖြင့် ဈေးကွက်အတွင်း ပြည်ပဖြစ်ထုတ်ကုန်များနှင့် ယှဉ်ပြိုင်မှုတွင် များစွာအခက်ကြုံနေရသည်။
သစ်ခွဲသားပြတ်လတ်မှုကြောင့် ဗီယက်နမ်သစ်လုပ်ငန်းနှင့် ဆက်စပ်ကဏ္ဍအားလုံးရပ်ဆိုင်းသွားတော့မည့်အရေးနှင့် ရင်ဆိုင်ရလျက်ရှိရာ ယခုပြဿနာနှင့် စပ်လျဉ်း၍ တိကျသည့်ဖြေရှင်းချက်ပေးရန် ဗီယက်နမ်အစိုးရအား ဗီယက်နမ်ကျွန်းသစ်နှင့် သစ်တောထွက်ကုန် အသင်းကြီး (VIFORES) က တောင်းဆိုထားသည်။
လက်ရှိအားဖြင့် ဗီယက်နမ်နိုင်ငံတောင်ပိုင်း တေငုယင်ကုန်းမြင့်ဒေသရှိ ရာဘာခွဲသား ၉၀ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီများက ဝယ်ယူခဲ့ပြီး ဖြစ်သည်။
၂၀၁၆ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း ဗီယက်နမ်မှ ဝယ်ယူခဲ့သည့်ပမာဏမှာ ကန်ဒေါ်လာ ၉၆၅ ဒသမ ၈ သန်းဖိုးရှိသည်။
ဗီယက်နမ်သစ်ခွဲသားများကို တရုတ်ဝယ်လက်များမှ ဝယ်လိုအားမြင့်တက်လာရခြင်း၏ အကြောင်းရင်းတစ်ခုမှာ ၂၀၁၅ ခုနှစ်အတွင်း တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော တားမြစ်ချက်အမိန့်တစ်ရပ်ကြောင့်လည်း ဖြစ်သည်။
အဆိုပါတားမြစ်ချက်အရ ၂၀၁၇ ခုနှစ်သို့ရောက်လျှင် သဘာဝသစ်တောများကို ကူးသန်းရောင်းဝယ်ရေးရည်ရွယ်ချက်ဖြင့် ထုတ်ယူသုံးစွဲမှု ရပ်ဆိုင်းရန် ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
တရုတ်နိုင်ငံအတွင်း ပြည်နယ် ၁၄ ခုရှိ သဘာဝသစ်တောများမှ သစ်ထုတ်ယူမှုများကို ၂၀၁၇ ခုနှစ်တွင် လုံးဝတားမြစ်ပိတ်သိမ်း တော့မည်ဖြစ်ရာ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပတင်ပို့မှုကဏ္ဍအတွက် နှစ်စဉ် သစ်ကုဗမီတာ ၄၉ ဒသမ ၉၄ သန်းခန့် ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)