'တို့ရန်ကုန်၊ တို့အိမ်ရာ' ရန်ကုန်အနုပညာယဉ်ကျေးမှုပွဲတော်ကို လာမယ့် မတ်လထဲမှာ ဒုတိယအကြိမ်မြောက် ကျင်းပမှာဖြစ်ပါတယ်။
ပွဲတော်ကို မဟာဗန္ဓုလပန်းခြံဝင်းအတွင်း၊ ရန်ကုန်ကမ်းနားလမ်းနဲ့ ပန်းဆိုးတန်းဆိပ်ကမ်းဝန်းကျင်မှာအပြင်ရန်ကုန်မြို့တွင်းလမ်းတော်တော်များများမှာရှိတဲ့ ရှေးဟောင်းအိမ်တွေမှာလည်းနေထိုင်သူ ဘိုးဘွားတွေ ချန်ထားတဲ့ အမွေအနှစ်တချို့ကို ပြသတာမျိုးတွေကိုလည်း ပြုလုပ်မှာ
ဖြစ်ပါတယ်။
ဒါ့ပြင် ရန်ကုန်မှာရှိတဲ့ အနုပညာပြခန်း တော်တော်များများမှာလည်း မတူညီတဲ့ အနုပညာတင်ဆက်မှုတွေကို ခင်းကျင်းပြသလို့ တစ်ဖုံ၊ သရုပ်ဖော်လို့တစ်မျိုး ပြုလုပ်မှာဖြစ်ပါတယ်။
ပွဲတော်ကာလကတော့ မတ်လ ၂ ရက်က နေ ၁၂ ရက်နေ့အထိ ၁၀ ရက်တာကြာမြင့်မှာ ဖြစ်ပြီးမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးနဲ့ Abadi Art တို့က ဦးဆောင်ကျင်းပမှာဖြစ်ပါတယ်။
အနုပညာပွဲတော်ကို ၂၀၁၅ ခုနှစ်က ပထမအကြိမ်ကျင်းပခဲ့ပြီး ခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ဒီနှစ်မှာ ပြုလုပ်မယ့် ပြပွဲတစ်ခုလုံးအတွက် ပြပွဲတာဝန်ခံများကတော့ အနုပညာရှင်များဖြစ်တဲ့ ထိန်လင်း၊ ဖြူမွန်၊ အောင်မြတ်ဌေးတို့အပြင် Myanm/art ပြခန်းကနာတာလီဂျွန်ဆန်တို့ကတာဝန်ယူ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
"အခုလတ်တလောကတော့ အားလုံး ညှိနှိုင်း ပြင်ဆင်နေတုန်းပဲ။ အစီအစဉ်တွေကတော့ အရင်နှစ်တွေလိုပါပဲ။ ဒါပေမဲ့ ဒီနှစ်မှာ ကဗျာနဲ့ ပန်းပုတွေကို ပိုဦးစားပေးပြီး လုပ်မယ်"လို့ အနုပညာရှင် ထိန်လင်း က ပြောပါတယ်။
ဒီပြပွဲမှာ ကဗျာနဲ့ပတ်သက်လို့ တာဝန်ခံအဖြစ် တာဝန်ယူထားတဲ့ အမျိုသမီးအနုပညာရှင်ဖြူမွန်ကတော့"ပြပွဲ ၁၀ ရက်အတွင်းမှာ ကဗျာနဲ့ပတ်သက်တာ ငါးရက် လုပ်မယ်။ ပြပွဲ နေရာတွေကလည်း
အများကြီးဆိုတော့ နေရာတွေဖြန့်ပြီးတော့ ကဗျာရွတ်တာတွေ၊ ကဗျာကိုသရုပ်ဖော်တာတွေ၊ ၀တ္ထုဖတ်တာ၊ Vitural Potery လုပ်တာတွေ လုပ်ပါမယ်။ လောလာဆယ်တော့ ကဗျာဆရာ၊ ဆရာမ
၇၀ ၀န်းကျင် လောက်နဲ့ ညှိနှိုင်းနေတယ်"လို့ ပြောပါတယ်။
ပန်းချီအောင်မြတ်ဌေးကတော့ ပွဲတော်မှာပြသမယ့် Public Architecture တွေကိုတာဝန်ခံလုပ်ဆောင်မှာ ဖြစ်ပါတယ်။
"ဒီပြပွဲမှာကကျွန်တော့်အနုပညာဖန်တီးမှုတွေအပါအ၀င် နောက်ထပ်တတ်ကျွမ်းနားလည်တဲ့ အနုပညာရှင်သုံးယောက်လောက်နဲ့အတူ Public Architecture တွေ ဖန်တီးပြသမယ်။ ဘယ်သူတွေ
ပါမယ်၊ ဘာပုံတွေဆိုတာတော့ အတိအကျတော့ မထွက်သေးပေမဲ့ ပန်းပုရုပ်အကြီးကြီးတွေ လုပ်မှာမဟုတ်ဘူး။ လူထုတွေထဲမှာ လိုအပ်နေတာမျိုးတွေ ဖန်တီးမယ်။ တချို့ ခုံးကျော်တံတားတွေက
အမိုးရှိပေမဲ့ တချို့ခုံး ကျော်တံတားတွေက အမိုးမရှိဘူးဆိုတော့ အဲဒီ အမိုးလိုအပ်တဲ့ နေရာလေးတွေမှာဆန်ကောတို့၊ ဗန်းတို့လိုဝါးတို့၊ ကြိမ်တို့ သဘာဝပစ္စည်းတွေ အသုံးပြုပြီး အမိုးအကာအဖြစ်လည်း
သုံးလို့ရမယ် အလှဆင်ထားတာမျိုးလည်း ဖြစ်မယ့် ပြည်သူလူထုအတွက် အသုံးဝင်မယ့် အရာမျိုးတွေ လုပ်မှာပါ။ ပွဲပြီးသွားလည်း အမြဲတမ်း သုံးလို့ရမယ့် ပန်းပုမျိုးတွေလည်း ပါမှာပါ"လို့ ဆိုပါတယ်။
Myanm/art ပြခန်းက နာတာလီဂျွန်ဆန်ကတော့ ကလေးတွေနဲ့ သက်ဆိုင်တဲ့ ဗိသုကာပညာဆိုင်ရာစီမံကိန်းတွေကို ဦးဆောင်ပြီးလုပ်မယ်လို့ ဆိုပါတယ်။
အသက်ခုနစ်နှစ်ကနေ ၁၀ အတွင်း မူလတန်းအရွယ်ကလေးတွေပါဝင်တဲ့ Young Myanmar Archites အဖွဲ့နဲ့ ဗိသုကာကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးအမြင်တွေကို ပေါင်းစပ်ပြီး Fantasy Home ဖန်တီးမှာဖြစ်တယ်လို့ နာတာလီက ပြောပါတယ်။
"အဓိကရည်ရွယ်ချက်ကတော့ဒီပြပွဲကနေကလေးတွေရဲ့စိတ်ကူးစိတ်သန်းတွေ တိုးတက်လာစေဖို့ မြို့တစ်မြို့အတွက် ဘယ်လိုဗိသုကာပုံစံတွေ လိုအပ်တယ်ဆိုတာ ပြန်လည်သုံးသပ်နိုင်အောင်နဲ့ မြို့ပြစီမံကိန်းတွေကို ကလေးတွေ ခံစားနိုင်အောင် လုပ်ပေးတဲ့သဘောပါ"လို့ သူက ဆိုပါတယ်။
Credit: Myanmar Times