တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် လက်ရှိအပြင်းထန်ဆုံးသော အိမ်ခြံမြေစည်းမျဉ်းများက
ဝယ်လက်များ၏ အိမ်ဝယ်လိုစိတ်သဘောထားကို ဆက်လက်ထိခိုက်စေခဲ့ဆဲဖြစ်သော်
လည်း ၂၀၁၆ ခုနှစ်၏ နောက်ဆုံးလဖြစ်သည့် ပြီးခဲ့သည့် ဒီဇင်ဘာက အိမ်သစ်ရောင်းအားများ အတော်အတန်ပြန်လည်မြင့်တက်ခဲ့သည်။
အစိုးရမတည်သော အိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုဧရိယာသည် ဒီဇင်ဘာတွင်၆၄၉၀၀၀ စတုရန်းမီတာ ရှိခဲ့ပြီး နိုဝင်ဘာကထက် ၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီ Shanghai Centaline PropertyConsultants Co က ဇန်န၀ါရီလ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နိုင်ဝင်ဘာကထက်မြင့်တက်ခဲ့သော်လည်း ၂၀၁၅ ဒီဇင်ဘာနှင့် ယှဉ်ပါက ၆၅ ဒသမ ၆ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
"တင်းကျပ်တဲ့အိမ်ခြံမြေစည်းမျဉ်းတွေ နိုဝင်ဘာလကုန်က စတင်အာဏာသက်ရောက်ခဲ့တဲ့နောက်ပိုင်း အရောင်းအ၀ယ်တွေ ချက်ချင်းကို အေးခဲ့လို့ ၂၀၁၆ ဒီဇင်ဘာဟာ ပြီးခဲ့တဲ့ငါးနှစ်တာအတွင်း အရောင်းအ၀ယ်အနည်းဆုံးဒီဇင်ဘာဖြစ်ခဲ့ပါတယ်" ဟု
Centaline ၏ အကြီးတန်းသုတေသနမန်နေဂျာ လုဝိန်စီက ပြောကြားခဲ့သည်။
"၀ယ်လက် ၇၀ ရာခိုင်နှုန်း ထက်မနည်းက သူတို့အိမ်တွေကို အဆင့်မြှင့်ပြောင်းလဲနေထိုင်ဖို့ ရှာဖွေကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့ မူဝါဒသစ်တွေက သူတို့ထဲက အများအပြားကို ဈေးကွက်ထဲ မ၀င်လာဖြစ်အောင် တားဆီးထားပါတယ်" ဟုလည်း ပြောကြားခဲ့သည်။
ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကစားမှုများအား ထိန်းချုပ်၍ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် နိုဝင်ဘာ
လ ၂၈ ရက်ညက ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း ရှန်ဟိုင်းတွင်အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူ ဖြစ်ရမည့်အပြင် နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှု
အတွက် ချေးငွေလျှောက်ထားဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်သေးသော်လည်း
ထိုဘဏ်များအဖွဲ့အစည်းများထံမှ အိမ်ချေးငွေ လျှောက်ထားဖူးသူများအားလည်း
ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
ယင်းစည်းမျဉ်းများသည် နိုဝင်ဘာ ၂၉ ရက်မှ စတင်အာဏာသက်ရောက်ပြီဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com