နှစ်စဉ် ကမ္ဘာ့မြို့ပြနေဦးရေက (၇၅) သန်းလောက် တိုးလာနေသည်။ တစ်နှစ်လျှင် လန်ဒန်မြို့ကြီး ရှစ်မြို့စာ မြို့နေလူတန်းစား တိုးလာနေသည့် သဘော။ မြို့ပြမှာ လူလူချင်း တိုးတိုက်ခြင်း၊ အိုင်ဒီယာခြင်း တိုးတိုက်ခြင်း တို့ကြောင့် အသစ်အသစ် တိုးတက်မှုတွေ ပေါ်ပေါက်သည်။ မြို့ပြသို့ ရွှေ့ပြောင်းနေထိုင်သူသည် လူအများနှင့် ပေါင်းသင်းနေထိုင်ရခြင်းကြောင့် ပိုချမ်းသာနိုင်ခြေများလာသလို၊ ပိုလွတ်လပ်၊ ပိုလည်းသည်းခံတတ်လာသည်။
မြို့ပြ၏ ကောင်းခြင်းအချို့ဖြစ်၏။ သို့သော် တစ်ဖက်တွင်လည်း မကောင်းခြင်းများ ရှိနေပြန်သည်။ အခြေခံအကျ ဆုံးမကောင်းခြင်းကား မြို့ပြအများစုသည် စနစ်မကျ ဗြုတ်စဗျင်းတောင်း ဖွံ့ဖြိုးကျယ်ပြန့်လာနေသည့်ကိစ္စဖြစ်သည်။
အထူးသဖြင့် ၀င်ငွေနိမ့်နှင့် ၀င်ငွေအလယ်အလတ်တန်း နိုင်ငံများက မြို့ပြတွေသည် ဗြုတ်စဗျင်းတောင်း ဖွံ့ဖြိုးကျယ်ပြန့်လျက် ရှိနေသည်။ ထိုမြို့များသည် မကျယ်ပြန့်ဘဲကို မနေနိုင်အောင်လည်း ကျေးလက်နေတွေက တိုးပြီးရင်း တိုးဝင်လာနေသည်။ အနောက်တိုင်း မြို့ကြီးများသည် လူဦးရေ တိုးလာလျှင်ပင် မြို့ကို ထပ်ချဲ့စရာမလိုဘဲ လူကိုချုံ့ပြီး နေရာချလို့ရသည့် အနေအထား ရှိကြသေးသည်။ ဆင်းရဲသော နိုင်ငံများမှ မြို့ပြများကာ ရှိပြီးသားနေရာမှာ နောက်ထပ် လူထပ်ထည့်ရန်ပင် လုံးဝမဖြစ် နိုင်တော့လောက်အောင်ကို ပြည့်ကျပ်သိပ်နေကြပြီ။
ဥပမာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ လူနေကျပ်သိပ်မှုသည် ပါရီမြို့ထက် ကိုးဆပိုများသည်။ နောက်တစ်ချက် အနေဖြင့် အနောက်တိုင်းက ချမ်းသာပြီးသား မြို့ပြကြီးများသို့ အသစ်ဝင်လာသည့် ကျေးလက်နေ ပမာဏက ၀င်ငွေနိမ့်နှင့် ၀င်ငွေ အလယ်အလတ် နိုင်ငံများရှိ မြို့များသို့ တိုးဝင်လာသော လူပမာဏနှင့်ယှဉ်လျှင် မဖြစ်စလောက်ဟုပင် ဆိုနိုင်သည်။ အာရှ၊ အာဖရိကရှိ စီးပွားဖွံ့ဖြိုးအားကောင်းနေသော ၀င်ငွေနိမ့်နှင့် ၀င်ငွေ အလယ်အလတ် နိုင်ငံများက မြို့ကြီးများသည် စီမံခန့်ခွဲလက်ခံနိုင်သည့် ပမာဏထက်ပိုပြီး လူသစ်တွေ လက်ခံနေရသည်။
မြို့ပြက တစ်နေ့တခြား ဗြုတ်စဗျင်းတောင်း ကျယ်ပြန့်ကြီးထွားနေသည်။ လူနေမှု စနစ်ကျရေး မူဝါဒများ ချမှတ်ကျင့်သုံးနေသည့်တိုင် အသစ်ဝင်လာသော လူပမာဏသည် မူဝါဒက ကိုင်တွယ်နိုင်သော ပမာဏထက် အမြဲကျော်လွန်နေသဖြင့် မြို့ပြမူဝါဒများ ၀န်ထုပ်ပိနေသည်။
တကယ့် ပြဿနာကာ ထိုမြို့ပြများသည် စောစီးစွာ ကတည်းကပင် မှားယွင်းစနစ်မကျစွာ ဖွံ့ဖြိုးခဲ့မှု ဖြစ်သည်။ ၀င်ငွေနိမ့်နှင့် ၀င်ငွေအလယ် အလတ်နိုင်ငံများရှိ မြို့ပြအများအပြားတွင် မြို့ပြစီမံကိန်း မူဝါဒဆိုတာပင် ရေရေရာရာမရှိ။ မြေရှင်နှင့် ဆောက်မည့်သူ ညှိနှိုင်းလို့ အဆင်ပြေလျှင် အိမ်ရာ တိုက်တာ တစ်ခုပေါ်လာသည်။ အကျိုးဆက်ကာ အိမ်တွေ၊ တိုက်တွေ ပူးကပ်ကျပ်ညပ် မှိုလိုပေါက်နေသော ရပ်ကွက်တွေ ဖြစ်လာသည်။ အရေးပေါ် အခြေအနေမျိုးမှာ မီးသတ်ကားဝင်ဖို့ပင် အဆင်မပြေသော လမ်းလေးတွေ လောက်သာရှိသည့် ရပ်ကွက်တွေ ပေါ်လာသည်။
ဥပမာ အမေရိကန် နိုင်ငံက မန်ဟတ်တန်အရပ်၏ မြေဧရိယာ (၃၆) ရာခိုင်နှုန်းသည် လမ်းများဖြစ်သည်။ မန်ဟတ်တန် ဧရိယာ၏ (၅၀) ရာခိုင်နှုန်း ထိသည်လည်း အများပြည်သူ အပန်းဖြေ အနားယူနိုင်သော နေရာများဖြစ်သည်။ မြင်သာအောင် ယှဉ်ပြရလျှင် အာဖရိက ကျူးကျော်ရပ်ကွက်တစ်ခု၏ (၅) ရာခိုင်နှုန်းသော မြေဧရိယာသည်သာ လမ်းဖြစ်သည်။ အာဖရိကက လူလတ်တန်းစား ရပ်ကွက်မျိုးမှာပင် ရေနုတ်မြောင်း ကောင်းကောင်းမရှိ၊ စည်ပင်ရေဖြန့်ဖြူးရေး စနစ်ဆိုတာမျိုးမရှိ။ အများပြည်သူ အပန်းဖြေ အနားယူနိုင်မည့် ပန်းခြံလိုနေရာမျိုးကတော့ ဝေလာဝေး။
စနစ်မကျစွာ ဖွံ့ဖြိုးကာ မြို့လယ်ဧရိယာမျိုး အဆင့်သို့ပါ ရောက်လာပြီဆိုလျှင် စနစ်တကျ ဖြစ်အောင် လိုက်လံပြုပြင်ဖို့ လွန်စွာခက်သွားပြီ။ စနစ်မကျသော ဆင်ခြေဖုံးဒေသများကို ပြုပြင်ပေးရတာက အနည်းငယ်လွယ်သေးသည်။ ရေနုတ်မြောင်းတွေဖောက်၊ ရေပိုက်လိုင်းတွေ သွယ်ပေးလို့ ဖြစ်နိုင်သေးသည်။
သို့ဖြစ်သည့်တိုင် ၀င်ငွေနိမ့်သော နိုင်ငံတစ်ခုအဖို့ ထိုသို့လုပ်ပေးဖို့က တော်တော်ကြီးသည့် အိပ်မက်ကြီးနှယ်။ နောက်မှ လိုက်ပြုပြင်ပေးရခြင်းမျိုးလည်း ရှောင်နိုင်အောင်၊ အကုန်အကျလည်း နည်းအောင် အကောင်းဆုံးလုပ်ရန်ကာ စကတည်းက မြို့ပြစီမံကိန်း စနစ်တကျ ရေးဆွဲထားဖို့ ဖြစ်သည်။ သို့မှသာ လမ်းနေရာလမ်း၊ အိမ်နေရာ အိမ်၊ ဈေးနေရာဈေး၊ ရေမြောင်း နေရာရေမြောင်း၊ ရေကန်နေရာ ရေကန်ဖြစ်မည်။
နိုင်ငံတော်အဆင့် မြို့ပြစီမံကိန်းရေးဆွဲသူများ အနေဖြင့် ၎င်းတို့၏ မြို့များသည် ၎င်းတို့ထင်ထားသည်ထက်ကို ပိုမြန်သောနှုန်းဖြင့် ကြီးထွားလာနိုင်သည်ဆိုတာ အမြဲခေါင်းထဲ ထည့်ထားရမည်။ အထူးသဖြင့် ဆင်းရဲသော နိုင်ငံများမှ မြို့ပြစီမံခန့်ခွဲသူများသည် မြို့ပြစီမံကိန်းများကို နှစ်များစွာ အချိန်ယူ ရေးဆွဲတတ်ကြသည်။ သူတို့ စီမံကိန်း ရေးဆွဲပြီးသွားချိန်တွင်ကာ တကယ်တမ်း အခြေချ နေထိုင်နေသူ ပမာဏက သူတို့စံထား တွက်ချက်ထားသည့် လူဦးရေထက်ပင် အဆများစွာ ပိုနေပြီဖြစ်သောကြောင့် အသုံးမ၀င်သော မြို့ပြစီမံကိန်းမျိုး ဖြစ်ရတတ်သည်။
မြို့ပြစီမံကိန်း ရေးဆွဲသူများ အနေဖြင့် လက်ရှိ မြို့ကြီးကို ချဲ့ထွင်သည့်အခါ အနိမ့်ဆုံးအဆင့် အဖြစ်တော့၊ ဘယ်နေရာမှာ လမ်းမကြီးတွေထားမည်၊ ဘယ်နေရာမှာ ပန်းခြံတွေ ထည့်မည်၊ ဘယ်နေရာတွေမှာ လမ်းတွေ ချမည်ဆိုတာ အရင်စီစဉ်ထားရမည်။ နယူးယောက်မြို့ကို အတုယူနိုင်သည်။ ၁၈၁၁ ခုနှစ်က နယူးယောက် ဟူသည် မန်ဟတ်တန် တောင်ပိုင်းစွန်းလေးတွင်သာ တည်ရှိသေးသည်။
သို့သော် မြို့ကို ပြောင်းဝင်လာသူက တိုးပြီးရင်း တိုးလာနေသည့် အတွက် မြို့ကွက်ကို ချဲ့ရမည် ဖြစ်ရာ မြို့ပြစီမံခန့်ခွဲ သူတို့သည် နယူးယောက်ကို ခုနစ်ဆချဲ့ဖို့ ဆုံးဖြတ်ခဲ့ပြီး၊ ဦးဆုံးအဆင့်အနေဖြင့် လွင်ပြင်သာ ရှိနေသေးသော မြေယာများပေါ်တွင် လမ်းကွက်များ လိုက်ချလိုက်ကြသည်။ လမ်းရှိလာသည့်အခါ ကျန်သည့် အခြေခံ အဆောက်အအုံများ အလွယ်တကူ လိုက်ဖြည့်နိုင်လာသည်။
မြို့ကွက်ချဲ့ဖို့ လမ်းတွေနေရာက စချသည့်အခါ မလွှဲမသွေ ရင်ဆိုင်ရမည့် အချက်က မြေပိုင်ရှင်များထံမှ မြေများကို နစ်နာကြေးပေးကာ ၀ယ်ယူရမည့် ကိစ္စဖြစ်သည်။ ထိုကိစ္စသည် အမြဲလိုလို နိုင်ငံရေး အရပါ အငြင်းပွားစရာ ကိစ္စမျိုးဖြစ်တတ်သောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေမည့် နည်းလမ်းမျိုးကို သင့်လျော်အောင် ကျင့်သုံးနိုင်ဖို့လိုသည်။ လက်ရှိတွင် မြို့ကွက်ကို မဖြစ်မနေချဲ့ဖို့ လိုနေသည့် နိုင်ငံများကို ကြည့်လိုက်လျှင် ၀င်ငွေနိမ့်နှင့် အလယ်အလတ်တန်း နိုင်ငံများဖြစ်ရာ ထိုနိုင်ငံများမှာ လမ်းကွက်တွေ အသစ်ချဖို့ သုံးရမည့် မြေယာများသည် လယ်သမားငယ်များ လက်ထဲတွင် ရှိနေကြသည်။
စိုက်ပျိုးမြေယာများကို နိုင်ငံပိုင်အဖြစ် သိမ်းဆည်းသည့်အခါတွင် လယ်သမားငယ်များ အဆင်ပြေစေမည့် နည်းလမ်းမျိုး ကျင့်သုံးရမည်။ နိုင်ငံအများစု၏ နည်းလမ်းကောင်းကာ မြေယာပိုင်ဆိုင်မှုကို ပြန်လည်ချိန်ညှိပေးခြင်း ဖြစ်သည်။ လမ်းအတွက် အသုံးပြုရမည့် မြေယာတွေနေရာမှာ ရှိသော လယ်သမားများကို နစ်နာကြေးပေးကာ မောင်းထုတ်လိုက်ခြင်းအစား ၎င်းတို့ နေထိုင်လုပ်ကိုင်ရာ မြေယာဝန်းကျင် တစ်ခုလုံးကို စနစ်ကျအောင် ပြန်ဖွဲ့စည်းပေးသည့် နည်းကို အသုံးပြုသည်။
လမ်းမကြီး ဖြစ်လာမည့်နေရာနှင့် အနီးဆုံးမြေယာကို ပိုင်ဆိုင်သော လယ်သမားများသည် နောင်တွင် လမ်းမကြီးကို အမှီပြုကာ အကျိုးခံစားခွင့် ပိုရနိုင်သည်ဖြစ်ရာ လမ်းမကြီးနှင့်ဝေးပြီး အခွင့်အရေး နည်းပါးရှာသော လယ်သမားများကို အစိုးရက ပိုမိုထောက်ပံ့ပေးသည့် နည်းလမ်းမျိုးလည်း ကျင့်သုံးကာ အားလုံးကို အခွင့်အရေးမျှခြေရှိအောင် ချိန်ညှိပေးသည်။ ဂျပန်တွင်လည်း ထိုနည်းလမ်းကို ကျင့်သုံးအောင်မြင်နေသည်။ ယနေ့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင်လည်း အလားတူ ကျင့်သုံးအောင်မြင်နေသည်။
လာမည့် နှစ်ပိုင်းများအတွင်း ဖွံ့ဖြိုးမှု အမြန်ဆုံးမှာ အာဖရိကမြို့ပြများ ဖြစ်လိမ့်မည်။ ထိန်းဖို့ခက်လောက်အောင်ကို မြန်နှုန်းမြင့် ဖွံ့ဖြိုးလာကြလိမ့်မည်။ အာဖရိကနိုင်ငံ အများအပြားက မြေယာများသည် အစုအဖွဲ့လိုက် ပိုင်ဆိုင်သော မြေယာများဖြစ်ရာ မြို့ပြချဲ့ထွင်ရန် စီမံကိန်း ရေးဆွဲသူများအဖို့ မြေယာရရှိရန် ပိုခက်ခက်ခဲခဲ ညှိနှိုင်းရမည့် အခြေအနေဖြစ်သည်။ မြေယာပိုင်ဆိုင်ထားသော လယ်သမားများကိုလည်း ဥပဒေအရ ၎င်းတို့မြေယာကို အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိရေး၊ လွှဲပြောင်းခွင့်ရှိရေး၊ လုံလောက်သော နစ်နာကြေးများ ရရှိစေရေး အာမခံချက် ပေးနိုင်ရမည်။
မြို့ပြများ စနစ်တကျ ဖြန့်ကျက်နိုင်ရန်မှာ ခိုင်မာတိကျသော မြေယာဥပဒေမျိုး ရှိနေဖို့လည်း လိုအပ်မည်။ သို့မှသာ မြေယာသိမ်းယူရေး လုပ်ငန်းများတွင် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေမည် ဖြစ်သည်။ မြို့ပြစီမံကိန်းကောင်းလည်း ရှိမည်။ မြေယာ ဥပဒေလည်း ခိုင်ခိုင်မာမာ ရှိမည်ဆိုပါမှ အသစ်ဝင်လာသူတွေကို အဆင်ပြေပြေ နေရာချထားနိုင်စေရန် မြို့ပြများကို စနစ်တကျ မြန်မြန်ဆန်ဆန် ဖြန့်ကာထုတ်နိုင်လိမ့်မည်…..။
Credit: The Messenger