ဇန်န၀ါရီ ၃ ရက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ကျဆင်းခဲ့ပြီး မွန်းလွဲပိုင်းတွင် ၁၃၅၇ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ဇန်န၀ါရီ ၃ ရက်တွင် ကမ္ဘာ့ငွေကြေးဈေးကွက် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ဒေါ်လာဈေး မြင့်တက်ခဲ့ရာ ညနေ ၃ နာရီတွင် ၁၀၃ ဒသမ ၀၆ ပွိုင့်အထိ ရောက်ရှိခဲ့သည်။ ဒီဇင်ဘာ ၂၈ ရက်တွင် ဒေါ်လာဈေး အညွှန်းကိန်း ၁၀၃ ဒသမ ၅၆ ပွိုင့်အထိ မြင့်တက်ပြီး နောက်ပိုင်း ဒေါ်လာဈေး ကျဆင်းလာရာ ဒီဇင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ၁၀၂ ဒသမ ၃ ပွိုင့်အထိ ရောက်ရှိခဲ့ပြီး ၁၀၂ ဒသမ ၃၇ ပွိုင့်ဖြင့် ဈေးပိတ်ခဲ့ကာ ဇန်န၀ါရီ ၃ ရက်တွင် ဒေါ်လာဈေး အညွှန်းကိန်းများ ပြန်လည်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဈေးကွက် ပိတ်နေသည့် အချိန်တွင် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေး ဆက်တိုက် ကျဆင်းလာပြီး ဇန်န၀ါရီ ၃ ရက် နံနက်ပိုင်းတွင် ကျပ် ၁၃၅၀ အထိ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက်၌ တစ်ဒေါ်လာ ၁၄၃၈ ကျပ်အထိ မြင့်တက်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် ဒီဇင်ဘာ ၂၀၊ ၂၁၊ ၂၅၊ ၂၆၊ ၂၇ ရက်များမှ လွဲ၍ ကျန်ရက်များတွင် ဆက်တိုက် ကျဆင်းလာပြီး ဇန်န၀ါရီ ၃၀ ရက်တွင် တစ်ဒေါ်လာ ကျပ် ၁၃၅၀ အထိ ဒီဇင်ဘာ ၂ ရက်နောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် ရောက်ရှိခဲ့သည်။ ဇန်န၀ါရီ ၃ ရက်တွင်ကမ္ဘာ့ဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဈေးကွက်တွင် ဒေါ်လာဈေး တက်ရိပ်ပြန်ပြလာခြင်း ဖြစ်သည်။
တစ်ပတ်အတွင်း ရက်အလိုက် အမြင့်ဆုံး ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းထားများမှာ ဒီဇင်ဘာ ၂၈ ရက်တွင် ၁၃၇၄ ကျပ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ၁၃၆၅ ကျပ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ၁၃၆၄ ကျပ်ဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ၁၃၆၃ ကျပ်၊ ဇန်န၀ါရီ ၁ ရက်တွင် ၁၃၆၁ ကျပ်၊ ဇန်န၀ါရီ ၂ ရက်တွင် ၁၃၆၁ ကျပ်၊ ဇန်န၀ါရီ ၃ ရက်အတွင်း ဖြစ်ပေါ်သော အမြင့်ဆုံးနှုန်းမှာ ၁၃၅၇ ကျပ် ဖြစ်ပြီး အနိမ့်ဆုံးနှုန်းမှာ ကျပ် ၁၃၅၀ ဖြစ်သည်။
ဈေးကွက်အတွင်း ဒေါ်လာဈေး ကျရိပ်ပြနေခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ဇန်န၀ါရီ ၃ ရက်တွင် ကျပ် ၁၃၆၀ အဖြစ် ငါးကျပ်ထပ်မံ လျှော့ချသတ်မှတ်ခဲ့သည်။ ဗဟိုဘဏ် ရည်ညွှန်းနှုန်းကို ဒီဇင်ဘာ ၂၆၊ ၂၇ ရက်တို့တွင် ၁၃၇၀ အဖြစ် သတ်မှတ်ခဲ့ပြီး ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ ရက်တို့တွင် ၁၃၆၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ကာ ဇန်န၀ါရီ ၂ ရက်တွင် ကျပ် ၁၃၆၀၊ ဇန်န၀ါရီ ၃ ရက်တွင် ၁၃၅၅ ကျပ်အဖြစ် ငါးကျပ်စီ လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Credit: Eleven Media Group