ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီးပုဗ္ဗသီရိမြို့နယ်အတွင်းအိမ်ခြံမြေအရောင်းအဝယ် အများဆုံးဖြစ်ခဲ့ပြီးလူနေထိုင်မှုပါ အရင်ကထက် ပိုများလာတယ်လို့ နေပြည်တော်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းရှင်တွေထံကသိရပါတယ် ။
‘အခုပုဗ္ဗမှာအရောင်းအဝယ်ဖြစ်နေတာဟာပုံမှန်ဈေးနဲ့ပဲအရောင်းအဝယ်ဖြစ်တယ် ၊ တက်ဈေးနဲ့ မဖြစ်ဘူး ၊ အများဆုံးကသိန်း ၁၀၀ နဲ့ ၂၀၀ ကြားအများဆုံးအရောင်းအဝယ်ဖြစ်ကြပါတယ်’ လို့ ပုဗ္ဗသီရိမြို့နယ် တံခွန်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးသိန်းထိုက်ဦးကပြောပါတယ် ။
ပုဗ္ဗသီရိမြို့နယ်အတွင်းတံခွန်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာသိန်း ၂၀၀ ဝန်းကျင်အကွက် ငါးကွက်အထိအရောင်းအဝယ်ဖြစ်ခဲ့ပြီးယခင်ကဆိုဈေးနှုန်းစုံစမ်းသူတွေနဲ့ သိန်းဆယ်ချီတန် အတွက်တွေသာအရောင်းအဝယ် ဖြစ်ခဲ့တယ်လို့လည်းသိရပါတယ်
ပုဗ္ဗသီရိမြို့နယ်အတွင်းမြေကွက်တွေမှာပေ ၄၀ × ပေ ၆၀ ၊ ပေ ၆၀ × ပေ ၈၀ နဲ့ ပေ ၈၀ ပတ်လည်များဖြစ်ပြီးပေ ၄၀ × ပေ ၆၀ အကွက်မှာအများဆုံးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ် ။
နေပြည်တော် ရှစ်မြို့နယ်မှာလူနေမှုအနည်းဆုံးမှာဒက္ခိဏသီရိမြို့နယ်နဲ့ ပုဗ္ဗသီရိမြို့နယ်ဖြစ်ပြီးပုဗ္ဗသီရိမြို့နယ်အတွင်းပုဂ္ဂလိကအဆင့်မြင့်တက္ကသိုလ် တည်ဆောက်မယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်လာပြီးကတည်းကစိတ်ဝင်စားမှုများလာပြီးအရောင်းအဝယ်ပါ ဖြစ်လာတာလို့ သိရပါတယ် ။
‘အဓိကကတော့ တက္ကသိုလ်ဆောက်မယ်ဆိုတဲ့ သတင်းကြောင့် အဝယ်လိုက်လာတာပါ ၊ စီးပွားရေးလုပ်ငန်းရှင်တွေ စိတ်ဝင်စားကြတယ် ၊ နေမယ့်လူတွေလဲဝယ်တယ် ၊ သူလိုငါလိုလိုက်ဝယ်ရင်းကနေအရောင်းအဝယ်ဖြစ်သွားကြတယ် ၊ နောက်တစ်ပိုင်းကတော့ ငွေကြေးသက်သာတာလဲပါပါတယ်’ လို့ နေပြည်တော် ရွှေလက်ပံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးကျော်စွာမြင့်က ပြောပါတယ် ။
နေပြည်တော် ရှစ်မြို့နယ်မှာရှိတဲ့ မြေကွက်တွေစာတစ်နေရာနဲ့ တစ်နေရာမှာမြေကွက်ဈေးနှုန်းမတူဘဲဇမ္ဗူသီရိမြို့နယ်အတွင်းမှာရှိတဲ့ ရွှေကြာပင် ၊ သပြေကုန်းရပ်ကွက် ၊ ပျဉ်းမနားမြို့အတွင်းမှာရှိတဲ့ ပန်းခင်းရပ်ကွက်နဲ့ ပေါင်းလောင်းရပ်ကွက်တွေရဲ့ ဈေးနှုန်းမှာသိန်းထောင်ချီအကွက်တွေဖြစ်ပြီး ၊ ပုဗ္ဗသီရိနဲ့ ဒက္ခိဏသီရိမြို့နယ်ရှိမြေကွက်တွေမှာသိန်းဆယ်ဂဏန်းမှ စရှိပြီးဈေးနှုန်းတူညီမှုမရှိဘဲအရောင်းအဝယ်ဖြစ်နေကြတာ ဖြစ်ပါတယ် ။
Credit: The Kumudra