ပြည်တွင်းရွှေဈေးဟာ ဒီဇင်ဘာနောက်ဆုံးအပတ်အတွင်းမှာ ကျပ် နှစ်သောင်း ဝန်းကျင် ကျဆင်းသွားတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
“တစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးက ကျပ် ၈၆၀,၀၀၀ ကျော်ကနေ ကျပ် ၈၄၀,၀၀၀ ဝန်းကျင်ကို ကျဆင်းလာတာ ဖြစ်ပါတယ်၊ အဓိက ငွေလဲနှုန်းတွေ ကျဆင်းလာတာကြောင့်ပါ”လို့ ရွှေဈေးကွက် လေ့လာသုံးသပ်သူက ပြောပါတယ်။
ပြည်တွင်း ရွှေဈေးဟာ ဒီဇင်ဘာ တတိယအပတ်က တစ်ကျပ်သားကို ကျပ် ၈၆၀,၀၀၀ ဝန်းကျင် ရှိနေပါတယ်။ ဒီဇင်ဘာ နောက်ဆုံး ပတ်မှာတော့ ကျပ် ၈၄၀,၀၀၀ ဝန်းကျင်ကို ကျဆင်းလာတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ အမေရိကန်ဒေါ်လာ ဝယ်လိုအား လျော့ကျလာပြီး ငွေလဲနှုန်း ကျဆင်းလာတာကြောင့် ပြည်တွင်းငွေဈေးလည်း လိုက်လံကျဆင်းလာတာ ဖြစ်ပါတယ်။
၂၀၁၇ နှစ်စပိုင်းမှာတော့ ကမ္ဘာ့ရွှေဈေး ပြန်တတ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိမှာတော့ အမေရိကန် ဗဟိုဘဏ် အတိုးနှုန်း မြင့်တင်လိုက်တာကြောင့် ဒေါ်လာအညွှန်းကိန်း အားကောင်းလာပြီး ဘဏ်လုပ်ငန်း စတော့ဈေးကွက် အားကောင်းနေတာကြောင့် ရွှေဈေးက အကျဘက်မှာ ရှိနေပါတယ်။
ဒါပေမဲ့ လာမယ့်နှစ်မှာတော့ ရွှေဈေး ပြန်တက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
အမေရိကန်အစိုးရနဲ့ Fed တို့ရဲ့ စီမံကိန်းတွေ ပူးပေါင်းမှုကြောင့် ရွှေဈေးဟာ အတက်ပိုင်းကို ပြန်လည်ရောက်ရှိလာပါတယ်။
Credit: The Kumudra