ကမ္ဘာပေါ်တွင် အိမ်ခြံမြေကဏ္ဍအဖွံ့ဖြိုးဆုံး မြို့ကြီး ၁၀ မြို့အနက် ၈ မြို့မှာ တရုတ်နိုင်ငံမှဖြစ်ကြောင်း Knight Frank မှ နောက်ဆုံး ထုတ်ပြန်လိုက်သည့် ကမ္ဘာ့မြို့ကြီးများညွှန်းကိန်းတွင် ဖော်ပြသည်ဟု ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေသတင်း ဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
ယင်းစစ်တမ်းအရ နန်ကျင်းနှင့် ရှန်ဟိုင်းတို့သည် တရုတ်နိုင်ငံ၏ နည်းပညာမြို့တော် ရှန်းဇန်ကို ဖြတ်ကျော်ကာ ပထမနှင့် ဒုတိယနေရာတို့တွင် ရပ်တည်နေကြသည်။
“တရုတ်နိုင်ငံမှာ အိမ်ခြံမြေဈေးနှုန်းတွေ မြင့်တက်ရတဲ့ အဓိကအကြောင်းရင်းက မြို့ပြအသွင်ကူးပြောင်းမှုနဲ့ အိမ်ထောင်စုတိုင်းရဲ့ ကြွယ်ဝမှု မြင့်တက်လာလို့ဖြစ်ပါတယ်” ဟု Knight Frank မှ နိုင်ငံတကာ အိမ်ခြံမြေသုတေသီ ကိတ် အိဗ်ရက်ထ် အယ်လင်က ပြောကြားသည်။
တိုင်းပြည်အတွင်း အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်း မြင့်တက်နေမှုကို အစိုးရက သတိပြုစောင့်ကြည့်လျက်ရှိသည်။
အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်မှုကို ကိုင်တွယ်ရန်အတွက် အိမ်ခြံမြေဝယ်ယူရန် ငွေချေးယူမှုတင်းကျပ်ခြင်းအပြင် အချို့ဒေသများတွင် ဒေသခံမဟုတ်သူတို့ကို ဝယ်ယူခွင့် မပေးခြင်းများ ပြုလုပ်လာသည်။
ယခုစာရင်းပါ ကမ္ဘာ့ထိပ်တန်း ၁၀ မြို့တွင် အာရှတိုက်၏ ပြင်ပမှ ဗန်ကူးဗားတစ်မြို့သာ ပါဝင်သည်ကို တွေ့ရသည်။
အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့မှာ နံပါတ် ၁၀ နေရာတွင် ရပ်တည်နေသည်။
ကမ္ဘာ့အိမ်ခြံမြေကဏ္ဍအဖွံ့ဖြိုးဆုံး မြို့ကြီး ၁၀ မြို့မှာ
၁။ နန်ကျင်း
၂။ ရှန်ဟိုင်း
၃။ ရှန်းဇန်
၎။ ပေကျင်း
၅။ ဝူရှီ
၆။ ဟန်ရှု
၇။ တီယန်ကျင်း
၈။ ကျန်းဂျု
၉။ ဗန်ကူးဗား
၁၀။ ချင်းနိုင် တို့ဖြစ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)