အမေရိကန်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခုဖြစ်သော Guidance Investments သည် အရှေ့တောင်အာရှဈေးကွက် ဝင်ရောက်ရန် ကြိုးပမ်းသည့်အနေဖြင့် မလေးရှားတွင် ဂိုဒေါင်များရရှိနိုင်မည့် အလားအလာကို ရှာဖွေလျက်ရှိကြောင်း ယင်းကုမ္ပဏီ၏ အာရှအိမ်ခြံမြေကဏ္ဍ မန်နေးဂျင်းဒါရိုက်တာ ပီးယပ်စ် ဟိုက ပြောကြားသည်ဟု မလေးရှားအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။
“ကွာလာလမ်ပူ၊ ပီနန်နဲ့ ဂျိုဟာဘာရူးတို့မှာ ဂိုဒေါင်တွေရှာဖွေလျက်ရှိပါတယ်။ ဒါပေမယ့် ခုချိန်ထိတော့ သင့်တော်တဲ့တစ်ခုမှ မတွေ့သေးပါဘူး” ဟု ပီးယပ်စ်က ပြောကြားသည်။
Guidance Investments သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်တွင် တည်ရှိပြီး Guidance Financial Group ၏ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲသည့် ကုမ္ပဏီခွဲတစ်ခု ဖြစ်သည်။
Guidance Financial Group သည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ၂၅ နှစ်ကျော် အတွေ့အကြုံရှိပြီး မြောက်အမေရိက၊ အရှေ့အလယ်ပိုင်း၊ မြောက်အာဖရိကနှင့် အာရှတို့ရှိ အိမ်ခြံမြေ ၁၁၀ အတွက် ကန်ဒေါ်လာ ၅ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံထားသည်။
အရှေ့တောင်အာရှတွင် ဂိုဒေါင် ၄ ခုပိုင်ဆိုင်ထားပြီး ထိုင်းနိုင်ငံဘန်ကောက်တွင် ၂ ခု၊ အင်ဒိုနီးရှားနိုင်ငံ-မာရွန်ဒါခရိုင်တွင်တစ်ခုနှင့် ပီနန်တွင် တစ်ခုတို့ ဖြစ်သည်။
ပီနန်ရှိ ဂိုဒေါင်အဆောက်အအုံမှာ ၁၀ ဒသမ ၄ ဧက ကျယ်ဝန်းသည့်မြေပေါ်တွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်အတွင်းဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါဂိုဒေါင်ကို ယခုအခါတွင် ဂျပန်အခြေစိုက် မစ်ဆုအီ ဆိုကိုကုမ္ပဏီအား ပြန်လည်အငှားချထားပြီး ဖြစ်သည်။
ယခုဂိုဒေါင်ဝယ်ယူရန် မလေးရှားတွင် ရှာဖွေလျက်ရှိရာတွင် ကန်ဒေါ်လာ သန်း ၂၀ မှ ၂၅ သန်းအကြား အသုံးပြုရန် လျာထားသည်ဟု ဆိုသည်။
ထို့အပြင် လာမည့် ၁၂ လမှ ၁၈ လအတွင်း အရှေ့တောင်အာရှတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး ကန်ဒေါ်လာ သန်း ၁၀၀ မှ ၁၅၀ အကြား သုံးစွဲသွားရန် ရည်မှန်းထားသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် လက်ရှိအားဖြင့် ရွေးချယ်စရာ ဂိုဒေါင်များများစားစားမရှိကြောင်း ပီးယပ်စ်ဟိုက ပြောကြားသည်။
“ရှိပြီးသား ဂိုဒေါင်တွေက အိုမင်းပျက်စီးနေပြီဖြစ်ပြီး ခေတ်သစ်လိုအပ်ချက်ကို မဖြည့်တင်းနိုင်တော့ပါဘူး။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဂိုဒေါင်ဟောင်းတွေကို ဖြိုဖျက်ပြီး အဆင့်မြင့်ဂိုဒေါင်တွေ ဆောက်လုပ်လာလိမ့်မယ်လို့ ကျွန်တော်ခန့်မှန်းတယ်” ဟုလည်း ပီးယပ်စ်ဟိုက ဆက်လက်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)