တရုတ်ထိပ်တန်း developer ဖြစ်သော Dalian Wanda သည် စပိန်နိုင်ငံ၊ မက်ဒရစ်တွင် အဌမမြောက် အမြင့်မားဆုံးအဆောက်အအုံ ဖြစ်သော EdificioEspana ကို ပြုပြင်မွမ်းမံရန် လက်လျှော့စွန့်လွှတ်လိုက်ပြီးနောက် ပြန်လည်ရောင်းထုတ်ခဲ့ရာတွင် ကန်ဒေါ်လာ ၇၅ သန်းကျော်အရှုံးပေါ်ခဲ့ကြောင်းဟောင်ကောင် စတော့အိတ်ချိန်းတွင် ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်ဟုဟောင်ကောင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Wanda အုပ်စုသည် ကမ္ဘာကျော် စပိန်ဘောလုံးကလပ်ဖြစ်သောအက်သလက်တီကိုမက်ဒရစ်အသင်းတွင်လည်းရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားသည်။
Wanda သည် လူနေထိုင်မှုမရှိသည်မှာ ကြာမြင့်ပြီဖြစ်သောအဆိုပါမိုးမျှော်တိုက် အဆောက်အအုံကို ၂၀၁၄ ခုနှစ်အစပိုင်းတွင် ယူရိုသန်း ၂၆၀ (ကန်ဒေါ်လာ ၃၅၈ ဒသမ ၆ သန်း) ဖြင့် ဝယ်ယူခဲ့ပြီးနောက်ဇိမ်ခံဟိုတယ်နှင့် ဈေးဝယ်စင်တာအဖြစ်
ပြောင်းလဲမွမ်းမံရန် စီစဉ်ခဲ့သည်။
ယင်းအဆောက်အအုံကို ဖြိုဖျက်ကာ ပြန်လည်တည်ဆောက်မည့် အစီအစဉ်ကိုစပိန်အာဏာပိုင်တို့ကကန့်ကွက်ခဲ့ခြင်းကြောင့် Wanda ၏ စီမံကိန်းအထမမြောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါအဆောက်အအုံကိုအာ့ထ် ဒက်ကိုဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားပြီးစပိန်၏ သမိုင်းအမွေအနှစ်ဖြစ်သည်ဟုဆိုသည်။
Dalian Wanda ကုမ္ပဏီပိုင်ရှင် ဝမ်ကျန်းလင်သည် တရုတ်နိုင်ငံတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဟုသတ်မှတ်ထားကြသည်။
Wanda သည်ယင်းအဆောက်အအုံကိုစပိန်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ Baraka Global Invest သို့ ယူရို ၂၇၂ သန်း (ကန်ဒေါ်လာ ၂၈၃ သန်း) ဖြင့် ပြန်လည်ရောင်းချရန် သဘောတူထားသည်။
လာမည့် တရုတ်နှစ်သစ်ကူးကာလဖြစ်သော ၂၀၁၇ ဖေဖော်ဝါရီလအတွင်းအရောင်းအဝယ် လုပ်ငန်းစဉ်များဆောင်ရွက်သွားမည် ဖြစ်ကြောင်းဝမ်ကျန်းလင်က
ထုတ်ဖော်ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)