လက်ရှိအားဖြင့်ထိုင်းနိုင်ငံရှိဖူးခက်နိုင်ငံတကာလေဆိပ်ကိုအကြီးစားမွမ်းမံမှုများ ပြုလုပ်လျက်ရှိနေသည့်အပြင် ဖူးခက်မြောက်ပိုင်းတွင် Bangkok Airways က လေဆိပ်သစ်ကြီးတစ်ခုတည်ဆောက်ရန် စီစဉ်လျက်ရှိသည်ဟုသတင်းများလည်းထွက်ပေါ်လာလျက်ရှိကြောင်းဘန်ကောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယင်းလေဆိပ်ကိုဖန်င-အန်ဒမန်နိုင်ငံတကာလေဆိပ်ဟူ၍ အမည်ပေးမည်ဟူသောသတင်းများလည်းထွက်ပေါ်နေပြီးဖူးခက်နှင့် ကရာဘီလေဆိပ်များ၏ မနိုင်ဝန်ထမ်းနေရမှုကိုလျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
ထိုင်းသတင်းမီဒီယာအချို့မှ ရေးသားသောသတင်းများအရဖန်ငရှိထိုင်းမုအန်ခရိုင်တွင် ရိုင် ၂၀၀၀ (ဧက ၇၉၀) အကျယ်အဝန်းမြေပေါ်တွင် လေဆိပ်တည်ဆောက်ရန် သစ်တောဌာနသို့ ကမ်းလှမ်းချက်တစ်ခု ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။
ပြေးလမ်းအရှည်မှာမီတာ ၃၀၀၀ ခန့်အထိရှိမည် ဖြစ်သည်ဟုလည်းဆိုသည်။
ယင်းလေဆိပ်တွင် အဆောက်အအုံများမည်သို့မည်ပုံဆောက်လုပ်မည်၊ ကုန်ကျစရိတ်မည်မျှရှိမည်ဟူသောအသေးစိတ် အချက်အလက်များကိုမူမသိရသေးချေ။
Bangkok Airwaysသည် ဖန်ငပြည်နယ်တွင် ကျယ်ပြောသောမြေယာငှားရမ်းနိုင်ရေးအတွက် ဆွေးနွေးမှုများ
ပြုလုပ်ခဲ့သည်ဟူသည့် သတင်းများလည်းရှိသည်။
လက်ရှိတွင် ဖူးခက်နိုင်ငံတကာလေဆိပ်သို့ တစ်နှစ်တာခရီးသည်ဝင်ရောက်မှုပမာဏမှာ ၆ ဒသမ ၄ သန်းကျော်သွားပြီဖြစ်ပြီးကရာဘီလေဆိပ်တွင် ၁ ဒသမ ၈ သန်းကျော်ရှိသွားပြီဖြစ်ကာဆက်လက်မြင့်တက်နေဦးမည်ဖြစ်သည်။
လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်းဖူးခက်သို့ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှု ပမာဏ ကြီးမားစွာမြင့်တက်လာခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)