ဒူဘိုင်းတွင် ရှိရင်းစွဲဈေးများချဲ့ထွင်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ဈေးသစ်များနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာအဆောက်အအုံများဆောက်လုပ်ခြင်းများ ပြုလုပ်ရန်အတွက်ဒူဘိုင်းငွေ ၂ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာသန်း ၆၈၀) သုံးစွဲသွားရန်ဒူဘိုင်းစည်ပင်သာယာရေးအဖွဲ့ကစီစဉ်လျက်ရှိကြောင်းအရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စုအတွင်းရှိဈေးပေါင်း ၁၄ ခုတွင် ဈေးဆိုင်များ၊ ဂိုဒေါင်များနှင့် ကော်ဖီဆိုင်ပေါင်း ၅၀၀၀ ကျော် တည်ဆောက်ရန်အတွက် အာရပ်ငွေ တစ်ဘီလီယံကျော် သုံးစွဲသွားရန် စီစဉ်ထားကြောင်းစည်ပင်သာယာရေးညွှန်ကြားရေးမှူး ဟူစိန် နာဆာလူးတာကပြောကြားသည်။
“ဆောက်လုပ်ပြီးတဲ့ အဆောက်အအုံတွေကိုစီးပွားရေးလုပ်ငန်းတွေအတွက် ပြန်ပြီးအငှားချသွားမှာပါ။ Ruwayyah-3မှာရှိတဲ့ ထရပ်ကားနဲ့ အကြီးစားဆက်စပ်ပစ္စည်းဈေး၊ ထရပ်ကားနဲ့ အကြီးစားဆက်စပ်အပိုပစ္စည်းဈေး၊ ဝါဆန်မှာရှိတဲ့ ဗဟိုသစ်သီးနဲ့ ဟင်းသီးဟင်းရွက်ဈေး၊ အယ်လ်အေဝါမှာရှိတဲ့ ကားဟောင်းဈေး၊ ဝါဆန်-၃ မှာရှိတဲ့ ငှက်နှင့် အိမ်မွေးတိရစ္ဆာန်ဈေး၊ အယ်လ် လီဆိုင်းလီမှာရှိတဲ့ ကုလားအုတ်ဈေး၊ အယ်လ်ကူဆိုင်းမှာရှိတဲ့ နွားဈေး၊ နာယက်ဖ်မှာရှိတဲ့ အထည်အလိပ်ဈေးတွေ ပါဝင်ပါတယ်”ဟုလူးတာကပြောကြားသည်။
ဗဟိုသစ်သီးနှင့် ဟင်းသီးဟင်းရွက်ဈေးကြီးကိုလည်းဒူဘိုင်းငွေ သန်း ၅၀၀ အကုန်အကျခံတည်ဆောက်လျက်ရှိသည့်အပြင် အထပ်ပေါင်းများစွာပါဝင်သောဟင်းသီးဟင်းရွက်နှင့် သစ်သီးအအေးခံခန်းများလည်းတည်ဆောက်လျက်ရှိသည်။
“ဝါဆန်-၃ မှာအာရပ်ငွေ ၉၆ သန်းအကုန်အကျခံပြီးအဆောက်အအုံသုံးပစ္စည်းဈေးကြီးဆောက်နေတာ ၉၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ။ ပရိဘောဂ၊ လျှပ်စစ်ပစ္စည်းနဲ့ အိမ်သုံးပစ္စည်းတွေရောင်းမယ့် တခြားဈေးကြီးတစ်ခုကိုလည်းအာရပ်ငွေ ၇၆ သန်းကျော် အကုန်အကျခံဆောက်လုပ်လျက်ရှိရာမှာ ၉၀ ရာခိုင်နှုန်းလောက် အပြီးသတ်နေပါပြီ” ဟုလူးတာကပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)