လက်ရှိအစိုးရသစ်လက်ထက် ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ အိမ်ရာဖွံ့ဖြိုးရေး ငါးနှစ်စီမံကိန်းရေးဆွဲထားပြီး အိမ်ရာစုစုပေါင်း ၁.၈သန်းခန့်အကောင်အထည် ဖော်တည်ဆောက်ဖို့ မျှော်မှန်းထားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က
ပြောပါတယ် ။
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က သည်လ ၂၄ ရက်နေ့က ကျင်းပတဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာဧရာဝဏ်အိမ်ရာ စီမံကိန်းတစ်ခုက ပထမဆုံး ဖွင့်လှစ်တဲ့အစိတ်အပိုင်းဖြစ်တဲ့ ရတနာနှင်းဆီအဆင့်မြင့် အိမ်ရာစီမံကိန်း ဖွင့်ပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ် ။
ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ‘တန်ဖိုးအားဖြင့် မျှတသော်လဲ အရည်အသွေးရှိရှိ စံချိန်စံညွန်းနဲ့ ကိုက်ညီပြီး နေထိုင်သူများအတွက် အဆင်ပြေချောမွေ့ပြီး နေထိုင်ရန်သင့်တင်တဲ့ နေအိမ်ခန်းများကို ဖော်ဆောင်မှာဖြစ်ပါတယ် ၊ တန်ဖိုးအားဖြင့် သင့်တင့်တဲ့ အရည်အသွေးမီ အိမ်ခန်းများကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ် ၊ ရန်ကုန်မြို့မှာလည်းကောင်း ၊ မန္တလေးမြို့မှာ လည်းကောင်း ၊ အခြားမြို့မှာလည်းကောင်း ၊ တန်ဖိုးသင့် တန်ဖိုးနည်းအိမ်ရာများကိုဖော်ထုတ်သွားမယ် ’ လို့ ပြောပါတယ် ။
အိမ်ရာတွေကို ငါးနှစ်စီမံကိန်းနဲ့ ရန်ကုန် ၊ မန္တလေးအပါအဝင် တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တည်ဆောက်သွားမှာ
ဖြစ်ပါတယ် ။
ရန်ကုန်မြို့အတွက် အခန်းပေါင်း ၈၀၀၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လာမယ့် ၂၀၁၆ - ၂၀၁၇ ခုနှစ် ဘဏ္ဍာနှစ်နဲ့ ၂၀၁၇ - ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် နှစ်နှစ်အတွင်းမှာ တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၈၀၀၀ ကို ဦးစားပေး ဆောက်လုပ်သွားဖို့ စီစဉ်စားပါတယ် ။ တန်ဖိုးနည်းအိမ်ရာတွေကို အိမ်ခန်း (တစ်ယူနစ်)တစ်ခန်းကို ကျပ်သိမ်း ၁၀၀ နဲ့ ရောင်းချပေးနိုင်အောင်လည်း စီစဉ်ထားတာ ဖြစ်ပါတယ် ။
သည်တန်ဖိုးနည်း အိမ်ရာတွေကို တိုက်ခန်း (တစ်ယူနစ်) တစ်ခန်းကို ကျပ်သိန်း ၁၀၀ နဲ့ ရောင်းချပေးနိုင်အောင်လည်း စီမံကိန်းကုန်ကျစရိတ်တွေကို တန်ဖိုးမြင့် စီမံကိန်းမှ တန်ဖိုးနည်း စီမံကိန်းသို့ စိုက်ထုတ်ကျခံတဲ့ နည်းလမ်းနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားတယ်လို့
သိရပါတယ် ။
ရန်ကုန်မြို့ လူဦးရေက လက်ရှိ ငါးသန်းကျော်ရှိပြီး ၂၀၂၀ ပြည့်နှစ်အတွင်းမှာ နေထိုင်သူဦးရေ ၁၀ သန်းကျော်ရှိတဲ့ မဟာမြို့ပြအဆင့်သို့ ရောက်ရှိလာနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းပြပါတယ် ။
တိုးပွားလာတဲ့ လူဦးရေနဲ့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စက်မှုကဏ္ဍ ၊ ကုန်သွယ်ရေး ၊ ခရီးသွားလာရေးလုပ်ငန်း ၊ လျှပ်စစ် ၊ ပို့ဆောင်ရေးလုပ်ငန်း စတဲ့လုပ်ငန်းတွေ ဖွံ့ဖြိုးမှု မြန်ဆန်လာမှာ ဖြစ်ပါတယ် ။ လက်ရှိအစိုးရသစ်ရဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးမှုဝါဒ ၁၂ ချက်ထဲမှာလည်း နာဝမမြောက်ဖြစ်တဲ့သဘာဝပတ်ဝန်းကျင် ရေရှည်ထိန်းသိမ်းရေးလိုက်လျောညီထွေဖြစ်မယ့် မြို့ပြများတည်ဆောက်ရန် ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြှင့်တင်ရန်အပြင် အများပြည်သူနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများ တိုးချဲ့ဖော်ထုတ်ရန် ၊ ယဉ်ကျေးမှု အမွေအနစ်များ ထိန်းသိမ်းဖော်ထုတ်ရန် လမ်းညွန်ချက်များလည်း ရှိထားတာဖြစ်ပါတယ် ။
လက်ရှိနဲ့ တိုးပွားလာမယ့် လူအများနဲ့ သင့်လျော်ကောင်းမွန်တဲ့ တန်ဖိုးနည်း/မျှ အိမ်ရာများ ဖြန့်ဖြူးနိုင်ရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးနိုင်ရေး ၊ သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိတဲ့ မြို့တော်များ တည်ဆောက်ရေး အကောင်အထည်ဖော်တည်ဆောက်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ် ။
၂၀၁၄ ခုနစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ စုစုပေါင်း ၅၂ သန်းရှိတဲ့ လက်ရှိ မြို့ပြဖြစ်ထွန်းမှုက ၃၀ ရာခိုင်နှုန်းရှိရာမှ ၂၀၄၀ ပြည်နှစ်မှာ ၄၀ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ် ။
လက်ရှိဝင်ငွေအလယ်အလတ်နဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် တန်ဖိုးနည်းနဲ့ တန်ဖိုးလတ် အိမ်ရာများ ထုတ်လုပ်နိုင်ဖို့ ဆောင်ရွက်နေပါတယ် ။ တန်ဖိုးနည်းအိမ်ရာ ဖော်ဆောင်တဲ့နေရာမှာ တကယ်လိုအပ်သူတွေရဲ့ လက်ဝယ်ရောက်ရှိနိုင်ရေး ပြည်သူများအိမ်ရာပိုင် ဖြစ်ဖို့ သိန်း ၁၀၀ အောက်ရောင်းချနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ စတင်စီမံမှာ ဖြစ်ပါတယ် ။
ရန်ကုန်တိုင်းဒေသကြီးမှာ မကြာမီကာလအတွင်း တန်ဖိုးနည်းအိမ်ရာအလုံးပေါင်း ၂၂၀၀ ကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ အရစ်ကျစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ် ။
Credit: The Kumudra