နေပြည်တော် ဒက္ခိဏသီရိမြို့ပတ်လမ်းအနီးတွင် ကျပ်သိန်းတစ်ရာတန် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည်ဖြစ်ပြီး အိမ်မရှိသည့် အငြိမ်းစားဝန်ထမ်းများအား ဦးစားပေးရောင်းချမည်ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ သတင်းရရှိသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ဒက္ခိဏသီရိမြို့ပတ်လမ်း ရန်အောင်မြေကြိုးဝိုင်းရှိ မြေဧကတစ် ရာတွင် အခန်း ၂,၁၄၄ ခန်းဆောက် လုပ်မည်ဟု ယင်းဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။
တန်ဖိုးနည်း အိမ်ရာများဝယ်ယူနိုင်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင်စာအုပ်ပြုလုပ်၍ ၃၀ ရာခိုင်နှုန်းကို ပုံမှန်ထည့်စုကာ ယင်းပမာဏ ပြည့်မီပါက ဘဏ်အနေဖြင့် ၇၀ ရာခိုင်နှုန်းကို ချေးကာစိုက်ထုတ်ပေးသွားမည်ဟု ဦးဝင်းနိုင်ကပြောသည်။
‘‘၇၀ ရာခိုင်နှုန်း ချေးငွေပေးပြီးရင် အိမ်ပိုင်ဆိုင်ခွင့် ယူထားမယ်။ အဲဒါကိုတဖြည်းဖြည်း အရစ်ကျသွင်း၊ ၁၅ နှစ်အတွင်းအပြီးသွင်းရမယ်’’
ဟု ၎င်းကပြောသည်။
‘‘အိမ်ရာဒီဇိုင်းကတော့ ဆွဲ ပြီးပြီ။ ဆောက်ဖို့က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ထဲမှာ စမယ်။ အငြိမ်း စားဝန်ထမ်းတွေကိုဦးစားပေးမယ်။ ကုမ္ပဏီဝန်ထမ်းတွေ၊ ပြည်သူတွေကိုရည်ရွယ်ထားတယ်။
တောင်သူတွေလည်း ပါတာပေါ့’’ဟု ၎င်း က ပြောသည်။
မြေဧကတစ်ရာတွင် အိမ်ရာအဆောက်အအုံအတွက် ၃၁ ဧက သတ်မှတ်ထားပြီး အခြားမြေနေရာများ၌ အုပ်ချုပ်ရေးရုံး၊ ပန်းခြံ၊ ကျောင်း၊ ဈေး၊ ထရန်စဖော်မာ၊ မော်တာတို့ပါဝင်မည်ဟု ဦးဝင်းနိုင်ကပြောသည်။
တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်မည့်အချိန်ကာလကို ၂ နှစ်သတ်မှတ်ထားပြီး Rc ဖြင့် နှစ်ပေါင်း ၅၀ မှ ၇၀ အတွင်း နေ ထိုင်နိုင်မည့် တိုက်ခန်းများဖြစ်သည်ဟု ၎င်းကပြောသည်။
တန်ဖိုးနည်းအိမ်ရာများကို အစိုးရအငြိမ်းစားများ အပါအ၀င် နေစရာမရှိသူများအတွက် အမှန်တကယ်စိစစ်ရွေးချယ်ဦးစားပေး ကာ ဆောင်ရွက်စေလိုသည်ဟု ပဲခူးတိုင်းဒေသကြီးမှ
အငြိမ်းစားဝန်ထမ်းတစ်ဦးက ပြောသည်။
Credit: 7Daydaily