ဆော်ဒီအာရေးဗီးယားအခြေစိုက် အမျိုးသားကားပါကင်ကုမ္ပဏီ(Mawgif) က ဒူဘိုင်းလေဆိပ်တွင် ကားစင်းရေ ၃၀၀၀ ဆန့် အထပ်များစွာပါဝင်သည့် ကားရပ်နားရန်နေရာဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်းအရှေ့ အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဒူဘိုင်းနိုင်ငံတကာလေဆိပ်၏ Terminal One တွင် တည်ဆောက်မည်ဖြစ်ပြီးဒူဘိုင်းရှိလေဆိပ် ၂ ခုလုံးရှိကားရပ်နားနေရာအားလုံးကိုလည်းစီမံမွမ်းမံလည်ပတ်သွားမည် ဖြစ်သည်။
ဒူဘိုင်းလေဆိပ်အုပ်ချုပ်ရေးအဖွဲ့သည် Mawgifအားကားရပ်နားရန်နေရာ ၁၀ နှစ်လုပ်ကိုင်ခွင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒူဘိုင်းလေဆိပ်အုပ်ချုပ်ရေးအဖွဲ့၏ လက်အောက်တွင် Dubai International (DXB) နှင့် Dubai World Central (DWC) တို့လည်းရှိသည်။
ယခုသဘောတူညီချက်အရMawgif က အကောင်အထည်ဖော်မည့် အဆင့်မြင့်နည်းပညာသုံးကားရပ်နားမှုစနစ်နှင့် ငွေပေးချေမှုစနစ်တို့ကို DXB နှင့် DWC တို့တွင် တွေ့မြင်ရတော့မည် ဖြစ်သည်။
ယင်းသဘောတူညီချက်များတွင် Dubai International လေဆိပ်၏ Terminal One တွင် တည်ဆောက်မည့် အထပ်များစွာပါဝင်သောကားစင်းရေ ၃၀၀၀ ဆန့် အဆောက်အအုံကိုဒီဇိုင်းရေးဆွဲရန်နှင့် တည်ဆောက်ပေးရန်လည်းပါဝင်ခဲ့ခြင်း ဖြစ်သည်။
“Mawgifနဲ့ လက်တွဲလုပ်ကိုင်ရတဲ့အတွက် နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ Mawgifဟာလေဆိပ်ကားရပ်နားနေရာအဖြေရှာရာမှာထိပ်တန်းပါပဲ။ ကျွန်တော်တို့ရဲ့  ပူးပေါင်းမှုကနေcustomer တွေကိုအရည်အသွေးကောင်းဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟုဒူဘိုင်းလေဆိပ်အုပ်ချုပ်ရေးအဖွဲ့မှ ကူးသန်းရောင်းဝယ်ရေးနှင့် ဆက်သွယ်ရေးဆိုင်ရာလက်ထောက်ဥက္ကဌယူဂျင်းဘာရီကပြောကြားသည်။
Mawgifသည် အရှေ့ အလယ်ပိုင်းဒေသတွင် လေဆိပ် ၇ ခုနှင့် လက်တွဲအလုပ်လုပ်ဖူးပြီးကားရပ်နားအဆောက်အအုံများဒီဇိုင်းရေးဆွဲမှု၊ ဆောက်လုပ်မှုနှင့် စီမံခန့်ခွဲမှု အတွေ့အကြုံများစွာရှိသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။
Mawgifသည် အရှေ့ အလယ်ပိုင်းဒေသတစ်လွှားတွင် ကားစင်းရေ ၁၀၀၀၀၀ ခန့် ရပ်နားနိုင်သည့် နေရာများတည်ဆောက်ခဲ့ပြီးဖြစ်သည်။
လက်ရှိအားဖြင့် ဒူဘိုင်းရှိ DXB တွင် ကားစင်းရေ ၅၀၀၀ ခန့် ရပ်နားနိုင်သည့်နေရာတည်ဆောက်ထားပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)