အစိုးရသစ်လက်ထက် တွင် ၂၀၂၀ အထိ တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ခြောက်ဘီလီယံ ဝင်ရောက် ရန် စီမံကိန်းရေးဆွဲထားကြောင်း သတင်းရရှိသည်။
‘‘မူလရည်မှန်းချက်ကတော့ တစ်နှစ်ကို ခြောက်ဘီလီယံပဲ။ ဒါ ပေမဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက်တော့ စီမံကိန်းပြန်ဆွဲမယ်။ အစိုးရက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ရောက်အောင် ဆွဲပါလို့ပြောတဲ့ ညွှန်ကြားချက်ကို စောင့်နေတာ’’ဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး က ပြောသည်။
လက်ရှိ အစိုးရသစ်လက် ထက် ပထမကိုးလအတွင်း နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၈ ခု ခွင့်ပြုထားပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံကျော် ဝင် ရောက်ထားသည်။ ထို့ပြင် ခွင့်ပြု မိန့်တင်ထားသည့် စီမံကိန်းအဆိုပြုလွှာ ၅၀ ကျော်ရှိပြီး ခွင့်ပြုရန် စုစုပေါင်း အမေရိကန်ဒေါ်လာ သုံးဘီလီယံခန့် ရှိနေသည်ဟု အ ဆိုပါ ကော်မရှင်မှ သိရသည်။
ယခု ခွင့်ပြုမိန့်တင်ထား သည့် အဆိုပါအဆိုပြုလွှာများကို အပြီးသတ်ခွင့်ပြုနိုင်ပါက ယခု ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်ပြည့်မီ နိုင်ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှု ပိုမိုဝင်ရောက်ရန် ဥရောပ ၂၈ နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာသ ဘောတူညီမှုပြုလုပ်နေပြီး ၂၀၁၇အတွင်း ပြီးပြတ်အောင် လုပ်ဆောင်နေသည်ဟု ဦးအောင်နိုင် ဦးကပြောသည်။
ထိုလုပ်ငန်းစဉ်ပြီးပြတ်ပါက မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုပမာဏများတိုးလာမည့်အပြင် မြန်မာနိုင်ငံအတွက် ဆိုးကျိုးနည်း သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၌ အဓိကရင်းနှီးမြှုပ်နှံသည့် နိုင်ငံများတွင်စင်ကာပူကထိပ်ဆုံး၌ ဦးဆောင်လျက်ရှိသည်။
ပြီးခဲ့သည့် ဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများသည် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၉ ဒသမ ၄ ဘီလီယံ၊ ၂၀၁၄- ၁၅ ဘဏ္ဍာနှစ်အတွက် ရှစ်ဘီလီယံ၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် လေးဘီလီယံ၊ ၂၀၁၂-၁၃ နှစ်တွင် ၁ ဒသမ ၄ ဘီလီယံနှင့် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် ၄ ဒသမ ၆ ဘီလီယံ ဝင်ရောက်ခဲ့သည်။
Credit: 7Daydaily