မြို့စွန်ရပ်ကွက်တွေ ထဲမှာ အခုတလော ခပ်စိပ်စိပ် တွေ့လာရတာကတော့ ရောင်းမည် ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ ပါဘဲ ၊ မြေကွက်ပိုင်ရှင်တွေက လည်း မြေကွက်ရောင်းမည်
ဆိုင်းဘုတ်တွေ တပ်ထားသလို အိမ်ရှင်တွေကလည်း အိမ်ရောင်းမည် ဆိုတဲ ဆိုင်းဘုတ်လေးတွေ တပ်ထားကြပါတယ် ၊ အချို့ကတော့ ခပ်ပြတ်ပြတ်ဘဲ ရောင်းမည် ဆိုတဲ့ စကားလုံး နှစ်လုံးနဲ့ ဘဲ ဆိုင်းဘုတ်တင် ကြော်ငြာကြပါတယ် ၊ အကျိုးဆောင်ခမပေးချင်တာလား အမြန်ရောင်းထွတ်ချင်တာလား ဆိုတာ မသေချာပေမယ့် သေချာတာတစ်ခုကတော့ ဆိုင်းဘုတ်တွေမှာပါ တစ်ခါတည်း ဖုန်းနံပါတ်တွေပါ တစ်ပါတည်း ရေးထားတာ
တွေ့လာရပါတယ် ။
ဈေးနှုန်းတွေမေးကြည့်လိုက်တော့လည်း အရင်ခေတ်ကောင်းတုန်းက ဈေးနှုန်းတွေ ထက် နည်းနည်းလျော့တာလောက်ဘဲ ရှိပါတယ် ၊ ငွေလိုလို့တကယ် ရောင်းကြပြီ ဆိုရင်လည်း ပွဲစားတွေ အံ့အားသင့်သွားနိုင်တဲ့ ခေါက်ချိုးမက ဈေးတွေ နဲ့ အခုနောက်ပိုင်း မှာ အရောင်းအ၀ယ် အနည်းငယ် ပြန်ဖြစ်နေကြတာတွေ့လာရပါတယ်။ ပွဲစားတွေကို ပြောထားပြီး စပ်ခိုင်းထားတဲ့ ဈေးနဲ့ တကယ်တိုက်တိုက်ဆိုင်ဆိုင် အရောင်းအ၀ယ် ဖြစ်တဲ့ ဈေးနဲ့ အခုနောက်ပိုင်းမှာ တော်တော်လေးကို ကွာဟလို့လာပါတယ် ။
မြန်မာပြည်ကကော နိုင်ငံတကာ က လူတွေကပါ မြန်မာ အိမ်ခြံမြေဈေး နိုင်ငံခြား ဈေးနှုန်းထက် ပိုကြီးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို မှားသည်မှန်သည် မသုံးသပ်ချင်ပေမယ့်လည်း လွန်ခဲ့တဲ့ ၂ နှစ်ကျော်က သိန်း ၇၀၀ နဲ့ ၀ယ်ထားတဲ့ မြေကွက်ကို နောက်ဆုံးမှာ သိန်း ၃၅၀ လောက်နဲ့ ချရောင်းသွားတဲ့ ဖြစ်ရပ်မျိုးတွေ ကြောင့် မြန်မာမြေဈေး ရဲ့ တန်ဖိုးအမှန်ကို သာမာန်လူမဆိုထားနဲ့ အကျိုးဆောင်ပွဲစားတွေတောင် ခန့်မှန်းရ ခက်ပါတယ် ။ဒီဈေးနှုန်းတွေက လူနေစည်းကားတဲ့ ရပ်ကွက်တွေထဲ မြေပြင်မှာ ဖြစ်နေတဲ့ အရောင်းအ၀ယ်တွေဘဲဖြစ်ပါတယ် ၊ လူမရှိသူမရှိ ကွင်းခေါင်ခေါင်ထဲက သိန်းရာချီနဲ့ ၀ယ်ထားတဲ့ မြေကွက်တွေကို ယနေ့ ၀ယ်သူတွေ ၀ယ်တဲ့ ဈေးက ခေါက်ချိုးမက ဒလိမ့်ခေါက်ကွေး ကျတဲ အထိ ကို ဈေးနှိမ်ဝယ်လာကြပါတယ် ။
အိမ်ခြံမြေ ဈေးကွက်အ၀ယ် ပျောက်လို့ အရောင်းအ၀ယ် အေးနေတဲ့အချိန်မှာ တောကြောင် လက်ခမောင်း ခတ်သလို အခွင့်အရေး ချောင်းနေတဲ့ လူတွေ ကလည်း ငွေထုတ်ပိုက်ပြီး လည်သလို လုပ်စားနေတာ ကတော့ နေရာစုံမှာ တွေ့မြင်နေရပါတယ် ၊ မိတ်ဆွေ သူငယ်ချင်းတစ်ယောက် သတင်းစာထဲမှာ မြေကွက်ဝယ်လိုသည် ဆိုတဲ့ကြေညာစာလေးတွေ့ပြီးအားရ၀မ်းသာနဲ့ ပေးထားတဲ့ ဖုန်းနံပါတ်ကို ဆက်လိုက်ပါတယ် ၊ သူဝယ်ထားတဲ့ မြေကွက်ကလေး အကြောင်း ဈေးနှုန်းစုံစမ်းတဲ့ အခါ သူ့နားကိုယ် သူမယုံနိုင်လောက်တဲံ အထိ ဈေးနှုန်းတွေနဲ့ စိတ်ပျက်ဖွယ် အထက်စီး ပြောတာခံလိုက်ရတယ် ဆိုတဲ့ အကြောင်း ရင်ဖွင့်လာပါတယ်။
စာရွက်စာတမ်း အရှုပ်အရှင်းရှိနိုင်တယ် ဆိုတဲ့အတွက် အရဲစွန့်ပြီးဝယ်ရမှာဖြစ်ကြောင်း ၊ ရောင်းသူနဲ့ ၀ယ်သူ ပေးနိုင်တဲ့ ဈေးပေးတာဖြစ်လို့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင် မရောင်းနဲ့ ဆိုပြီး ရောင်းသူတွေ မရောင်းနိုင်တဲ့ ဈေးတွေ အောက်ပေးပြီး မြေကွက်တွေကို လိုက်သိမ်းနေတဲ့ အုပ်စုကြီး တွေ ရှိနေတယ် ဆိုတဲ့ အကြောင်း အကျိုးဆောင် ပွဲစား လောကမှာလည်း အသံ ခပ်သဲ့သဲ့ ကြားနေရပါတယ် ။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က သိန်း ၅၀ နဲ့ ၀ယ်ထားတဲ့ မြေကြီးကို အခုချိန်မှာ ငွေထုတ်ပိုက်ထားတဲ့ ငွေရှင်တွေက သိန်း ၂၀ ထက်ပိုပေးပြီးမ၀ယ်ချင်တော့ပါဘူး ။ ငွေရှင်ဘက်ကလည်း သူဝယ်လိုက်ပြီးမှ နောက်ထပ် ဈေးထပ် ကျသွားရင် သူ့အတွက် ဆုံးရှုံးမှာ ကြောက်လို့ ကာထားတဲ့ သဘောမျိုး ဈေးနှုန်းပေးတာလည်း ဖြစ်နိုင်ပါတယ် ။
အိမ်ရှင်မြေရှင် ငွေတကယ် လိုလာပြီ ဆိုရင် ရွေးစရာနည်းလမ်းက နှစ်ခုဘဲ ရှိပါတယ် ၊ ပထမ နည်းလမ်းက ရတဲ့ ဈေးနဲ့ ရောင်းသွားမလား ၊ ဒုတိယ နည်းလမ်းက လူဆင်းသော့ခတ် ၆ ကျပ်တိုး အပေါင်နည်းလမ်းဘဲ ရှိပါတယ် ။ ဒီနည်းလမ်း နှစ်ခုလုံးက ဘယ်ဘက်မှ မြေရှင်တွေ ၊ ပိုက်ဘောမိထားတဲ့ လူတွေ အတွက် ကောင်းကျိုး မရှိပါဘူး ၊ ဆုံးရှုံးသွားကြတာများပါတယ် ။ အချိန်ယူ လုပ်ရအုံးမှာဖြစ်ပါတယ် ။
လူတော်တော်များများကတော့ ငွေအရမ်းလိုလာပြီ ဆိုရင်တော့ ရရာဈေးနဲ့ ရောင်းသွားကြတာများပါတယ် ၊ ကိုယ့်မြေကွက်ကလေး အောက်ဈေးနဲ့လည်း မရောင်းချင်ပါဘူး လောလောဆယ်ပေါင်ထားလိုက်မယ် အဆင်ပြေရင်လာရွေးမယ် ဆိုတဲ့ စိတ်ကူးရှိသူတွေကလည်း အတိုးကြီးကြီးနဲ့ အပေါင်ထားကြပါတယ် ၊ ငွေရှင်ဘက်ကတော့ in position လို့ ခေါ်တဲ့ ဆိုင်ရေးပိုင်ခွင့် ရှိအောင် အပီအပြင် စာချုပ်စာတမ်းတွေ နဲ့ လုပ်ကြတာများပါတယ် ၊ ဒီနည်းလမ်းကလည်း မြေရှင်တွေ ပြန်မရွေး နိုင်လို့ အဆုံးခံလိုက်ရတဲ့ ကိစ္စတွေကလည်း ထုနဲ့ထေးရှိပါတယ် ။
ပေါင်တာဘဲ ဖြစ်ဖြစ် ၊ ရောင်းတာဘဲ ဖြစ်ဖြစ် တန်ရာတန်ကြေး တော့ နှစ်ဦးနှစ်ဖက် ကျေကျေနပ်နပ် လက်ခံနိုင်တဲ့ အခြေအနေ တစ်ခုဖြစ်ဖို့လိုပါတယ် ။ မြေရှင်တွေ အိမ်ရှင်တွေ ဘက်ကလည်း စာရွက်စာတမ်းတွေ ကိုင်ပြီး နှစ်ပင်လိမ်ဇတ်လမ်းတွေ ၊ မြေကွက်တစ်ကွက်ထဲကို ပိုင်ရှင်က ၀ယ်သူ နှစ်ဦးသုံး ရောင်းစားထားတဲ့ ပြသနာတွေ ကလည်းများလို့ အောက်ဈေးနဲ့ နှိုက်ပြီး ၀ယ်လို့ရသွားတာတောင် ကိုယ့်လက်ထဲ ရောက်နေတဲ့ စာရွက်စာတမ်းက အတုလား အစစ်လား ဆိုတာ မေးရလောက်အောင် အတုတွေကလည်း ပေါများပြီး အစစ်တွေနီးနီး တုပ နိုင်အောင်လို့ နည်းပညာတွေကတိုးတက်လို့ လာနေပါပြီ ။
ဝယ်သူတွေ ဘက်ကလည်း ဖြစ်သင့်ဖြစ်ထိုက်ပြီး ရောင်းသူ ၀ယ်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်တဲ့ ဈေးနှုန်းနဲ့ အောက်ဈေးမနှိုက် ၀ယ်ဖို့ လိုပါတယ် ၊ ဈေးကွက်စီးပွားရေး ခေတ်ကြီးမှာ ပေးနိုင်တဲံ ဈေးပေးတာဖြစ်လို့ ရောင်းနိုင်ရင် ရောင်းဆိုတဲ့ အတွေးအခေါ်က ယေဘူယျ အားဖြင့် လက်ခံနိုင်ပေမယ့် မြေပိုင်ရှင် တွေ စိတ်ကသိကအောက်ဖြစ်အောင်လို့ ပိုင်ဆိုင်မှု အထောက်အထားတွေကို စိတ်ပျက်ဖွယ် ပြောဆို နှိပ်ကွပ်ပြီးမှ အောက်ဈေးပေးဝယ်တဲ့ ကိစ္စတွေကတော့ လူကြီးလူကောင်းမဆန်ပါဘူး ။
အရောင်းအ၀ယ်တစ်ခု ဖြစ်ဖို့ ဆိုတာ ရောင်းသူ ၀ယ်သူ နှစ်ဦးစလုံးမှာ တာဝန်ရှိသလို တာဝန်လည်း ယူပေးရမှာဖြစ်ပါတယ် ။ ရောင်းပြီးသွားတာ အချိန်ကြာသွားလို့ အခုချိန်မှာ နာမည်ပြောင်းလုပ်မယ် ဆိုရင်လက်မှတ်ထိုးကြေး နောက်ထပ် ဘယ်နှစ်သိန်းပေးမှ လုပ်ပေးမယ် ဆိုတဲ့ ခပ်ရင့်ရင့် ငွေတောင်းခံတာတွေကလည်း အခုတလော ခပ်စိပ်စိပ် ကြာလာနေရပါပြီ ။
အိမ်ခြံမြေ ဈေးကျသည်ဖြစ်စေ မကျသည် ဖြစ်စေ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ နေရာ ၊ ရပ်ကွက် ၊ မြေအကျယ်အ၀န်း ပေါ်မူတည်ပြီး အများက လက်ခံနိုင်မယ့်ဈေးတန်းတစ်ခုတော့ သတ်မှတ်ပေးဖို့ သင့်ပါပြီ ၊ အနည်းဆုံးတော့ မြေပိုင်ရှင်တွေ အသက်ရှုချောင်အောင် ဘဏ်တွေမှာ လွယ်ကူ အဆင်ပြေပြီး အတိုးနှုန်းသက်သာတဲံ ပေါင်နှံမှုမျိုး လိုပါပြီ ။ စတင်ခြင်းဟာ ခရီးတစ်ခုရဲ့ ပထမဆုံး ခြေလှမ်း ဖြစ်တာဖြစ်လို့ ပထမဆုံး ခြေလှမ်း လှမ်းနိုင်ဖို့ အတွက် အဆင်ပြေနိုင်မယ့် နည်းလမ်းလေး တွေကို ဘက်ပေါင်းစုံက စဉ်းစားမြုင့်တင်ဖို့ လိုလာပါပြီ
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com