တရုတ်တွင်အစိုးရက ငွေကြေးစီးဆင်းမှုကို စောင့်ကြည်မည်ဟု
ကြွေးကြော်ထားသော်လည်း ရင်းနှီးမြှုပ်နှံသူများသည် လာမည့် ၂၀၁၇ ခုနှစ်တွင် ပြည်ပအိမ်ခြံမြေကဏ္ဌများ
၌ ဆက်လက်ရင်းနှီးမြှုပ်နှံကြမည်ဖြစ်ကြောင်း ကမ္ဘာ့အိမ်ခြံမြေအကြံပေးကုမ္ပဏီ JLL က ဒီဇင်ဘာလ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။
"ပြည်ပမှာ ရင်းနှီးမြှုပ်နှံတာဟာ တရုတ်ရင်းနှီးမြှုပ်နှံသူအများစုအတွက် မဟာဗျူဟာ
မြောက်လုပ်ရပ်တစ်ခုပါ" ဟု JLL ၏ အာရှပစိဖိတ်ဈေးကွက်အကြီးအကဲ စတူးဝပ်ခရိုးက
ပြောကြားခဲ့သည်။ "ရေတိုကျဆင်း၊ နှေးကွေးမှုတော့ ရှိနိုင်ပေမယ့် ရေရှည်မှာတော့
အပြောင်းအလဲအရမ်းနည်းမယ်လို့ ကျွန်တော်တို့ ခန့်မှန်းရပါတယ်" ဟုလည်း သူကပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်သော ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ကုမ္ပဏီ၏ ပင်မလုပ်ငန်းအစိတ်အပိုင်းများမဟုတ်သည့် ၁ ဘီလျံကျော်သော ကုမ္ပဏီချင်းပူးပေါင်းမှုများကို ထိန်းချုပ်နေပြီး
ငွေကြေးစီးဆင်းမှုများအား ပိုမိုသတိပြုစောင့်ကြည့်နေကြောင်း တရုတ်
အစိုးရက ပြီးခဲ့သည့်နိုဝင်ဘာလက ထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံပိုင်ဆင်ဟွာသတင်းဌာနက တရုတ်သည် ပြည်ပအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု
နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းများအား သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်များအတိုင်း
ဆက်လက်လုပ်ဆောင်ခွင့်ပြုမည်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ယခုနှစ်တတိယသုံးလပတ်အတွင်း တရုတ်သည် အမေရိကန်ကိုကျော်တက်၍ ကမ္ဘာ့အကြီးဆုံးနယ်စပ်ဖြတ်ကျော်အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့သည်။ တရုတ်သည် ယခုနှစ်ပထမသုံးလပတ်၊
ဒုတိယသုံးလပတ်နှင့် တတိယသုံးလပတ် စုစုပေါင်းကိုးလ
တာအတွင်း ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈ ဘီလျံနီးနီးရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း JLL ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။
အာရှပစိဖိတ်တစ်လွှား ပြည်ပ၌ တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုသည် လာမည့် ၂၀၁၇ခုနှစ်အတွင်း ဆက်လက်အားကောင်းနေမည်ဖြစ်ကာ အရှေ့တောင်အာရှသို့လည်း
အာရုံစိုက်လာကြမည်ဖြစ်ကြောင်း JLL က ထုတ်ပြန်ခဲ့သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com