တရုတ်အစိုးရပိုင်ဆောက်လုပ်ရေးကုမ္ပဏီသည် ဗြိတိန်အိုးအိမ်အဖွဲ့နှင့် ပူးပေါင်းကာ အသင့်ဆောက်လုပ်ပြီးနေအိမ်ပေါင်း ၂၅၀၀၀ ခန့်ကို ပေါင် ၂ ဒသမ ၅ ဘီလီယံရင်းနှီးကာ လာမည့် ၅ နှစ်တာကာလအတွင်း ထုတ်လုပ်သွားရန် စီစဉ်လျက်ရှိကြောင်း ဗြိတိန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဗြိတိန်အခြေစိုက် Your Housing Group သည် လက်ရှိအားဖြင့် ဗြိတိန်နိုင်ငံ နော့သ်ဝက်စ်ပြည်နယ်၊ ယော့ခ်ရှိုင်းယားပြည်နယ်နှင့် မစ်ဒ်လန်းစ်တို့တွင် တန်ဖိုးသင့်လူနေအိမ်ပေါင်း ၃၃၀၀၀ ခန့်ကို စီမံကွပ်ကဲလျက်ရှိသည်။
Your Housing Group သည် တရုတ်နိုင်ငံမှ China National Building Material Company (CNBM) နှင့်လက်တွဲကာ ဆောက်လုပ်ပြီးအသင့်တပ်ဆင်နေထိုင်နိုင်သည့်
နေအိမ်များထုတ်လုပ်သွားရန် စီစဉ်ခြင်း ဖြစ်သည်။
ယခုသဘောတူညီချက်တွင် အသင့်တပ်ဆင်နေအိမ်များ ထုတ်လုပ်ရန်သာမကဘဲ ဗြိတိန်နိုင်ငံအတွင်း စက်ရုံ ၆ ခုတည်ဆောက်ကာ အလုပ်အကိုင်နေရာပေါင်း ၁၀၀၀ ခန့် ဖန်တီးပေးရန်လည်း ပါဝင်သည်။
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ဗြိတိန်၌ နေအိမ်သစ်ပေါင်း တစ်သန်းခန့် လိုအပ်ဖွယ်ရှိကြောင်း အစိုးရစာရင်းအင်းများတွင် ဖော်ပြသည်။
ဗြိတိန်အစိုးရက တစ်နှစ်လျှင် နေအိမ်သစ်ပေါင်း ၂၀၀၀၀၀ ဆောက်လုပ်ရန် ရည်မှန်းထားပြီး ယခင် ၂၀၁၅ ခုနှစ်အတွင်း နေအိမ် ၁၄၂၈၉၀ သာ ဆောက်လုပ်နိုင်ခဲ့ရာ လျာထားချက်အောက် လျော့နည်းလျက်ရှိသည်။
အသင့်တပ်ဆင်နေထိုင်နိုင်သော နေအိမ်တို့မှာ ဆောက်လုပ်မည့်တည်နေရာပြင်ပတွင် ထုတ်လုပ်ပြီး အသင့်တပ်ဆင်ရုံဖြစ်ခြင်းကြောင့် ပိုမိုလျင်မြန်ကာ ဈေးသက်သာမှုရှိသည်ဟု ဆိုသည်။
လက်ရှိအားဖြင့် ဗြိတိန်တွင် တစ်နှစ်လျှင် အသင့်တပ်ဆင်နေအိမ်ပေါင်း ၁၅၀၀၀ ခန့် ထုတ်လုပ်လျက်ရှိသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)