လူမနေတော့သည့် ရေလယ်စွန့်ပစ်ခံတပ်အဆောက်အအုံကြီးတစ်လုံး၊ ယော့ခ်ရှိုင်းယားရှိ ကျေးရွာတစ်ရွာလုံးနှင့် မီးရထားဘူတာရုံတစ်ခု အစရှိသည်တို့မှာ ၂၀၁၆ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ ရောက်ခဲ့သည့် အထူးဆန်းဆုံးနေအိမ်များတွင် အပါအဝင်ဖြစ်လေသည်။
၂၀၁၆ နှစ်ကုန်တော့မည်ဖြစ်သော်လည်း ထူးဆန်းသော နေအိမ်များ ဈေးကွက်သို့ ဝင်ရောက်လာခြင်းမှာ ရပ်တန့်မသွားဘဲ ပိုမိုထူးဆန်းသော နေအိမ်များပင် မြင်တွေ့လာရလျက်ရှိနေသည်။
အောက်ပါတို့မှာ ၂၀၁၆ ခုနှစ်အတွင်း အရောင်းဈေးကွက်သို့ ရောက်ခဲ့သည့် အထူးဆန်းဆုံးနေအိမ်များ ဖြစ်လေသည်။
(၁) အင်္ဂလန်နိုင်ငံ၊ လင်ကွန်းရှိုင်းယားပြည်နယ်၊ ဂရင်းစ်ဘီမြို့မှ ၄ မိုင်ခန့်အကွာတွင် ပင်လယ်ပြင်အတွင်း၌ စွန့်ပစ်ခံတပ်အဆောက်အအုံကြီးတစ်လုံးရှိပြီး အဆိုပါခံတပ်အဆောက်အအုံကြီးကို ပေါင် ၃၅၀၀၀၀ ခန့်ဖြင့် ယခုနှစ်အစောပိုင်းက အရောင်းဈေးကွက်သို့ ရောက်ခဲ့သည်။
ပထမကမ္ဘာစစ်ကြီးအတွင်း နေအိမ်ပိုင်ရှင်က ၎င်းတို့၏နေအိမ်ကို ကာကွယ်ရန်အတွက် ခံတပ်အသွင်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ပင်လယ်မြင်ကွင်းကို ကျယ်ပြောစွာရှုမြင်ရမည်ဖြစ်သော်လည်း အကြီးစားပြုပြင်မှုများ ပြုလုပ်ရမည် ဖြစ်သည်။
(၂) အင်္ဂလန်နိုင်ငံ၊ ထရူရိုမြို့ကလေးတွင် ရေနွေးငွေ့စက်ခေါင်းအသွင် မီးခိုးခေါင်းတိုင်ကြီးဖြင့် ဆောက်လုပ်ထားသော ငါးထပ်အဆောက်အအုံကို ပေါင် ၄၂၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
(၃) စကိတ်ကွင်းအိမ်- အင်္ဂလန်နိုင်ငံအရှေ့ပိုင်း၊ နော်ဖော့ခရိုင်၊ တာရင်တန် ကလီမန့်ကျေးရွာတွင် ကျေးရွာခန်းမကို စကိတ်ကွင်းနေအိမ်အဖြစ် ပြောင်းလဲတည်ဆောက်ထားခြင်း ဖြစ်သည်။ စကိတ်စီးခုံမင်သူတို့၏ အိပ်မက်များ အကောင်အထည်ဖော်နိုင်မည့် နေရာတစ်ခု ဖြစ်သည်။
(၄) ယော့ခ်ရှိုင်းယားကျေးရွာ- ရွာတစ်ရွာလုံးကို ပေါင် သန်း ၂၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလကတည်းက အရောင်းတင်ထားခြင်းဖြစ်ပြီး ယခုတိုင်ရောင်းမထွက်သေးချေ။
(၅) လင်ကွန်းရှိုင်းယားပြည်နယ်၊ ဘွန်းမြို့တွင် ၁၈၇၂ ခုနှစ်ကတည်ဆောက်ခဲ့သော Great Northern မီးရထားဘူတာရုံကို ပေါင် ၆၀၀၀၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း ယခု ၂၀၁၆ အစောပိုင်းကပင် ဈေးခေါ်ထားခဲ့သည်။
(၆) အိုင်ယာလန်နိုင်ငံအနောက်ပိုင်း၊ မာယိုခရိုင်တွင် ကလေးကစားကွင်းသုံး ပစ္စည်းအစုံအလင်ထည့်သွင်းပါရှိသည့် ကစားကွင်းပါနေအိမ်တစ်လုံး အရောင်းဈေးကွက်သို့ ရောက်နေသည်။
အိပ်ခန်း ၁၀ ခန်းပါဝင်ပြီး ခေါ်ဈေးမှာ ယူရို ၁၀ သန်း ဖြစ်သည်။
(၇) အင်္ဂလန်နိုင်ငံ၊ ရှရော့ပ်ရှိုင်းယားပြည်နယ်တွင် အတန်းလိုက်အရွယ်တူ အဆောက်အအုံများပေါင်းစပ် ဆောက်လုပ်ထားသည့် နေအိမ်တစ်လုံး ရောင်းချရန်ရှိသည်။
ကျောက်တုံးများ၊ အမိုးချွန်များဖြင့် တည်ဆောက်ထားပြီး ခေါ်ဈေးမှာ ပေါင် ၂၀၀၀၀၀ ဖြစ်သည်။
(၈) ဗြိတိန်နိုင်ငံ၊ ဟတ်ဒါစ်ဖီးမြို့ပြင်တွင် တောင်ကုန်းတစ်ခုကို ထွင်းဖောက်၍ ဆောက်လုပ်ထားသည့်နေအိမ်တစ်လုံးရှိသည်။
နေအိမ်အတွင်းဝင်လိုက်သည်နှင့် နန်းတော်တစ်ခုအတွင်းရောက်ရှိသွားသကဲ့သို့ ခံစားရမည်ဖြစ်သည်။
နေအိမ်အတွင်းတွင် ရေကူးကန်တစ်ခုပါဝင်ပြီး အမိုးခုံးဖြင့် ဆောက်လုပ်ထားကာ ငြိမ်းချမ်းဆိတ်ငြိမ်သည့်နိဗ္ဗာန်ဘုံကလေးတစ်ခု ဖြစ်သည်။
ပေါင် ၇၀၀၀၀၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သည်။
(၉) အင်္ဂလန်နိုင်ငံ၊ ဟာ့ထ်ဖို့ရှိုင်းယားပြည်နယ်တွင် ၁၂ ရာစုက ဆောက်လုပ်ခဲ့သည့် ရဲတိုက်ပျက်ကြီးတစ်လုံးကို ပေါင် ၁ ဒသမ ၄ သန်းဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။
(၁၀) အင်္ဂလန်နိုင်ငံ၊ ပမ်ဘရွတ်ခ်ရှိုင်းယားပြည်နယ်တွင် ကျွန်းငယ်တစ်ခုပေါ်၌ ဆောက်လုပ်ထားသည့် ခံတပ်အဆောက်အအုံတစ်ခု အရောင်းဈေးကွက်တင်ထားသည်။
ခံတပ်မှာ များစွာယိုယွင်းပျက်စီးနေပြီဖြစ်ရာ ဝယ်လက်အနေဖြင့် အကြီးစားပြုပြင်မွမ်းမံမှုများ ပြုလုပ်ရမည်ဖြစ်သည်။
ခေါ်ဈေးမှာ ပေါင် ၅၅၀၀၀၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)