ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းအတက်အကျများပြားလျက်
ရှိသော်လည်း ရှေ့လျှောက် ဒေါ်လာငွေလဲဈေးများစွာ
ကျဆင်းမှုမဖြစ်နိုင်ဘဲ ဆက်လက်မြင့်နေမယ်လို့ မြန်မာနိုင်ငံရဲ့
လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေများအပေါ် မူတည်ပြီး
စီးပွားရေးလုပ်ငန်းနယ်ပယ်က သုံးသပ်ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလဆန်းပိုင်းမှာ ဒေါ်လာငွေလဲဈေး ၁၃၅၀ ကျပ်
ဝန်းကျင်သာ ရှိရာမှာ တဖြည်းဖြည်းဈေးနှုန်းမြင့်တက်
လာခဲ့ပြီး ၁၅ ရက်မှာ ဒေါ်လာငွေလဲဈေး ၁၄၀၀ ကျော်
သို့ ရောက်ရှိခဲ့ကာ ၁၆ ရက်နေ့မှာတော့ စံချိန်တင်ဒေါ်လာငွေလဲဈေး
၁၄၃၈ အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ စံချိန်တင်ငွေလဲဈေးနှုန်းများဖြစ်ပေါ်ရာမှ
ဒီဇင်ဘာ ၁၉ ရက်မှာ ၁၄၀၀ ၀န်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ကာ
၂၀ ရက်မှာ ၁၃၉၀ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။
နိုင်ငံရဲ့လက်ရှိအခြေအနေအရ ပို့ကုန်နည်းကာ
သွင်းကုန်များပြားမှုကြောင့် ကုန်သွယ်မှုလိုငွေများပြားနေမှု၊
အစိုးရဘတ်ဂျက်လိုငွေများပြားမှု၊ နိုင်ငံတကာမှာ
အမေရိကန်ဒေါ်လာတန်ဖိုးအားကောင်းနေမှုစတဲ့ ပြည်တွင်း၊
ပြည်ပအခြေအနေများ ကြောင့် ဒေါ်လာငွေလဲဈေးနှုန်းမြင့်တက်မှုတွေ
ဖြစ်ပေါ်နေခြင်းဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်များက
သုံးသပ်ကြပါတယ်။
“ ဒေါ်လာဈေးက တက်မယ့်အလားအလာဘက်မှာ ရှိနေပါတယ်။
ဘာကြောင့်လဲဆိုရင် ဒေါ်လာဈေးနှုန်းက ရောင်းလိုအားနဲ့ ၀ယ်လိုအား
နှစ်ခုအပေါ်မှာ မူတည်နေတယ်။ နိုင်ငံရဲ့
လက်ရှိအခြေအနေက ဒေါ်လာဝယ်လိုအားကို ကာမိတဲ့၊
ဝယ်လိုအားမပြည့်မီတဲ့ အနေအထားဖြစ်နေတဲ့အတွက်
ရောင်းလိုအားက ၀ယ်လိုအားကို မမီဘူးဆိုလို့ရှိရင်
ဈေးနှုန်းသဘောသဘာဝအရ ဈေးတက်ပါတယ်။ “ လို့
စီးပွားရေးပညာရှင် ဒေါက်တာစိန်မင်းက သုံးသပ်ပြောကြားပါတယ်။
ဒေါ်လာငွေဈေးနှုန်းမြင့်တက်မှုအပေါ် ဗဟိုဘဏ်ရဲ့
စီမံကိုင်တွယ်မှုအပေါ်လည်း စီးပွားရေးလုပ်ငန်းနယ်ပယ်မှ
အားမရမှုတွေဖြစ်ပေါ်ခဲ့ပြီး ဗဟိုဘဏ်အနေနဲ့ ဈေးကွက်ဖြစ်ပေါ်နေမှု
အခြေအနေကို မြန်မြန်ဆန်ဆန် တုံပြန်သင့်တယ်လို့
ဝေဖန်ကြပါတယ်။
“ အခုဖြစ်နေတဲ့အခြေအနေတွေအရ ငွေဈေးအလားအလာက
တက်ဦးမှာပဲ။ ကျွန်တော်တို့က Export ရောင်းနေတယ်
ဆိုပေမဲ့ ဒီဈေးက ရေရှည်တိုင်းပြည်စီးပွားရေးအတွက်
မကောင်းပါဘူး။ ဒေါ်လာဈေးက ၁၄၀၀ ကျော်အထိရောက်သွားတော့
အဲဒါကို တစ်ချက်စောင့်ပြီး ဈေးလေးနည်းနည်းပြန်ကျတာနဲ့
ဝိုင်းဝယ်ကြပြန်ရော။ ၀ယ်လိုအားက အရမ်းများနေပါတယ်။
အစိုးရပိုင်းကလည်း အစောပိုင်းကတည်းက လုပ်ငန်းရှင်တွေက
ဒေါ်လာဈေးက တက်နေပြီ၊ တက်နေပြီလို့ တော်တော်အော်ခဲ့တာပဲ။
အစိုးရက တုတ်တုတ်မလှုပ်ဘူး။ Money Changer တွေက
လာရောင်းရင်ဝယ်တယ်။ သွားဝယ်တော့မရောင်းဘူး၊ဈေးကွက်ထဲမှာ
အဲလိုတွေဖြစ်နေတယ်။ ဒါတွေက အစောကြီးကတည်းက
စီမံကိုင်တွယ်ခဲ့ရာမှာ။ ဗဟိုဘဏ်ရဲ့တုန့်ပြန့်မှုက
အရမ်းအားနည်းတယ်၊ အရမ်းနှေးတယ်။ “ လို့
ပို့ကုန်လုပ်ငန်းများလုပ်ကိုင်နေတဲ့ Excel Trading
ကုမ္ပဏီရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဦးနေလင်းဇင်က ပြောပါတယ်။
ဒေါ်လာငွေလဲဈေးတည်ငြိမ်ရေးအတွက် သွင်းပိုင်းအပိုင်းမှာ
ဇိပ်ခံပစ္စည်းများနဲ့ အခြားပစ္စည်းများ တင်သွင်းမှုကို
သုံးသပ်ပြီးမှသာ စိစစ်ခွင့်ပြုရန်၊ Duty Free Shop နဲ့
အလှကန်ုပစ္စည်းတင်သွင်းမှုကို သုံးသပ်ပြီး စိစစ်ခွင့်ပြုရန်၊
ဆက်သွယ်ရေးလိုင်စင်ရာ ကုမ္ပဏီတွေအနေနဲ့ ပြည်ပသို့
ငွေလွှဲဆောင်ရွက်နေမှုကို စိစစ်ရန်၊ Export ရငွေများ
ပြန်လည်ဝင်ရောက်ခြင်းရှိ/မရှိကို စိစစ်ရန် စတဲ့ ကိစ္စတွေကို
စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တို့မှ ပြည်ထောင်စုဝန်ကြီးတွေနဲ့
ဗဟိုဘဏ်ဥက္ကဌတို့ ဒီဇင်ဘာ ၁၉ ရက်က
တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။
“ အစိုးရက ပြောနေတယ် ဒေါ်လာဈေးတက်တာကို
ထိန်းချုပ်လို့မရဘူးတဲ့။ မှန်ပါတယ၊် တိုက်ရိုက်ထိန်းချုပ်လို့
မရပေမဲ့ သွယ်ဝိုင်ပြီး ထိန်းချုပ်လို့ရပါတယ်။ ဒေါ်လာဈေးမြင့်တက်ရတဲ့
အကြောင်းထဲမှာ ကုန်သွယ်မှုလိုငွေ ပြန်နေတာလည်းပါတယ်။
ပို့ကုန်မြင့်တက်အောင် အစိုးရဘက်က လက်ရှိကြုံနေရတဲ့
ကုန်သွယ်ရေး အတားအဆီးတွေကို ဖြေလျော့ပေးဖို့လိုနေပါတယ်။
အခုထိ အတားအဆီးတွေက များနေတုန်းပဲ “ လို့ Smart
ကုမ္ပဏီအုပ်စု၊ ဥက္ကဌ ဦးကျော်ကျော်လှိုင်က ပြောပါတယ်။
Credit: SFJ Strategy First Journal