ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်အတွင်း၌ လူခြေတိတ်
သည့်ည အချိန်များတွင် မြေကွက်လပ်အလွတ်များအား လိုက်လံခြံစည်းရိုးခတ်ယူနေသည့် အဖွဲ့များရှိနေပြီး ယင်းအဖွဲ့များအားဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီမှဆိုသည်။
" ကျွန်တော်တိုမြို့နယ်ထဲမှာ ညပိုင်းဆိုရင် မြေကွက်အလွတ်တွေကို ခြံ လိုက်ခတ်တဲ့ ၊ ခြံစည်းရိုးလာလာခတ်တဲ့အဖွဲ့တွေရှိတယ်။သတင်းရလို့ သွားကြည့်ရင်မရှိတော့ဘူး။ဘာရည်ရွယ်ချက်နဲ့ လုပ်နေလဲဆိုတာတော့ အတိအကျပြောလို့မရဘူး။ခြံခတ်ပြီးမြေနေရာတွေပြန်ရောင်းစားရင်ခက်မယ်လေ။အဲဒါကြောင့်မဖြစ်သင့်တာတွေ မဖြစ်ရအောင် တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဖော်ထုတ်အရေးယူဆောင်ရွက်သွားပါမယ် "ဟု ဦးညီညီ က ယခုလအတွင်းပြုလုပ်ခဲ့သည့် ၎င်း၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ဖြစ်ရပ်များမှာ အခြားသော မြို့စွန်မြို့နယ်များနှင့် မြေလွတ်နေရာပေါများသည့်အရပ်များတွင် ဖြစ်ပေါ်လေ့ရှိကြောင်းတွေ့ရှိရသည်။ခြံစည်းရိုးခတ်ပြီးပါက ယင်းမြေနေရာများအား တစ်ဆင့်ခံပြန်လည်ရောင်းချမှုများပြုလုပ်ခြင်းကြောင့် ဝယ်ယူမိသူများမှာ အလိမ်ခံမှုများတွေ့ကြုံရကြောင်းလည်း သိရှိရသည်။
တောင်ဒဂုံမြို့နယ်အတွင်း၌လည်း ယခုနောက်ပိုင်းတွင် ယင်းကဲ့သို့ဝင်ရောက်ခြံခတ်မှုများ အဖြစ်များလာပြီး မည်သူမည်ဝါ ဟူသည်ကိုမသိရှိရသေးကြောင်း အထက်ပါကိုယ်စားလှယ်မှ ပြောကြားခဲ့သည်။
လက်ရှိ အိမ် ခြံ မြေ အရောင်းအဝယ်ဈေးကွက်တွင် တောင်ဒဂုံ မြို့နယ်အတွင်းမှ မြေကွက်အများစုသည်လည်း ပြန်လည် အရောင်းအဝယ်လျုက်ရှိကြောင်း အိမ် ခြံ မြေ အကျိုးဆောင်များထံမှ သိရှိရသည်။
မင်းဝဿန် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com