ကမ္ဘာကျော်စူပါမော်ဒယ်၊ သရုပ်ဆောင် စင်ဒီကရောဖို့ဒ်သည် လော့စ်အိန်ဂျလိနေအိမ်ကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ရောင်းချရန် အရောင်းဈေးကွက်တင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိခရိုင်၊ မာလီဘူးပင်လယ်ကမ်းခြေမြို့တွင် တည်ရှိပြီး လော့စ်အိန်ဂျလိမြို့လယ်၏ အနောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ရှိသည်။
စူပါမော်ဒယ်နှင့် ခင်ပွန်းဖြစ်သူ ရန်ဒီ ဂါဘာတို့နှစ်ဦးလုံးမှာ ယခုအခါ အသက် ၅၀ ကျော်အရွယ်များ ဖြစ်နေပြီ ဖြစ်ကြသည်။
နေအိမ်အကျယ်အဝန်း ၅၂၅၄ စတုရန်းပေ ကျယ်ဝန်းသော အဆိုပါနေအိမ်ကို ၁၉၄၄ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး စင်ဒီကရောဖို့ဒ် ဇနီးမောင်နှံက ယခင်နှစ်အတွင်း ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ကာ ကန်ဒေါ်လာ ၅၀ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ဇနီးမောင်နှံတွင် ဆယ်ကျော်သက်ကလေးငယ် ၂ ဦးရှိပြီး ပရက်စလေနှင့် ကိုင်ရာဟု အမည်များရှိသည်။
ခြံဝန်းအကျယ်အဝန်းမှာ ၃ ဧကကျယ်ဝန်းပြီး နေအိမ်တွင် ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော မှန်တံခါးများ တပ်ဆင်ထားသောကြောင့် ပစိဖိတ်သမုဒ္ဒရာ၏အလှကို နေအိမ်အတွင်းမှ ခံစားနိုင်သည်။
ခြံဝန်းအတွင်း တင်းနစ်ကွင်းတစ်ကွင်း၊ ကား ၃ စင်းဆန့် ဂိုဒေါင်တစ်လုံးလည်း ပါဝင်သည်။
အိပ်ခန်း ၄ ခန်းပါဝင်ပြီး ပင်လယ်ပြင်ကို ရှုမြင်ရသည့်အခန်းတွင် မီးလင်းဖို ပါဝင်သည်။
ယခုရောင်းချမှုမှာ စင်ဒီကရောဖို့ဒ်အတွက် ပထမဆုံးအကြိမ် ရောင်းချမှုမဟုတ်ချေ။
ယခုနှစ်အစောပိုင်းကလည်း သူမတို့ဇနီးမောင်နှံနှင့် ဂျော့ခ်ျကလူးနေး၊ ဇနီးဖြစ်သူ အေမယ်ကလူးနေးတို့သည် မက္ကဆီကိုတောင်ဘက် တွင် အတူတွဲလျက်ဆောက်လုပ်ခဲ့သော အပန်းဖြေနေအိမ်ခန်းတွဲများကို ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် ရောင်းချခဲ့သေးသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)