အိမ်ရာစီမံကိန်း ဆိုတာနဲ့ လူချမ်းသာ တွေ ကော လူလတ်တန်းစား တွေနဲ အခြေခံလူတန်းစားတွေ အတွက်ပါ ရောင်းချမယ့် တိုက်ခန်းအိမ်ရာတန်ဖိုး အဆင့်လိုက်သာ ကွာခြားပေမယ့် စကားလုံးကတော့ အပြောင်းအလဲ မရှိပါဘူး ၊ ချမ်းသာတဲ့ လူတွေအတွက် တန်ဖိုးမြင့် ကွန်ဒိုတွေ လိုသလို ၊ အလယ်အလတ် နဲ့ အခြေခံလူတန်းစားတွေ အတွက်လည်း တန်ဖိုးမျှတတို့ တန်ဖိုးနည်း တိုက်ခန်း အိမ်ရာစီမံကိန်းတွေ လိုအပ်ပါတယ်။
အရေးအကြီး ဆုံးတစ်ချက် က အိမ်ရာစီမံကိန်းတစ်ခု လုပ်မယ့် နေရာက ဈေးကွက်စီးပွားရေး အခြေအနေနဲ့ ကိုက်ညီမှု ရှိနိုင်သလား မရှိနိုင်ဘူးလား ၊ နေတဲ့ သူတွေ အတွက် အဆင်ပြေနိုင်မလား ၊ ဆောာက်ပြီးရင် ၀ယ်သူ ရှိပါ့မလား ၊ ၀ယ်သူတွေ အဆင်ပြေအောင် ဘယ်လို စနစ်တွေပါ တစ်ပါတည်း တည်ဆောက်ဖြည့်ဆည်းသင့်သလဲဆိုတဲ့ တွက်ချက်မှု ပေါင်းများစွာ ပြုလုပ်ပြီးမှ ဆောက်လုပ်ကြတာ ဖြစ်ပါတယ် ၊ ဒါတောင် အခန့်မသင့်လို့ တွက်ချက်မှု လွှဲမှားသွားလို့ ခါးပြတ်သွားတဲ့ အိမ်ရာစီမံကိန်းတွေ ၊ ဆောက်ပြီး လူတက်မနေနိုင်သေးတဲ့ အိမ်ရာစီမံကိန်းတွေ ယနေ့ ကမ္ဘာမှာအများကြီး ရှိနေဆဲဖြစ်ပါတယ် ။ လူရယ် ၊ ငွေကြေး ၊ အချိန် ၊ မြေကြီး ရင်းနှီးမြုပ်နှံမှုတွေက ပမာဏကြီးမားပါတယ် ။
ယနေ့ ကမ္ဘာမှာ မိုးမျှော် တိုက်ကြီးတွေ အများအပြား နဲ့ အိမ်ရာစီမံကိန်း ကြီးတွေ ကို အစိုးရတွေ ကော ရင်းနှီးမြုပ်နှံသူတွေပါ တွက်ချက်ပြီး ဆောက်လုပ် ရောင်းချနေတာ က မထူးဆန်းပါဘူး ၊ ထူးဆန်းတာတစ်ခုကတော့ အချို့သော အိမ်ရာစီမံကိန်းတွေ မအောင်မြင်ဘဲ ကျီးနဲ့ ဖုတ်ဖုတ်လူ သူကင်းမဲ့နေတဲ့ အိမ်ရာစီမံကိန်းတွေလည်း တွေ့နေရဆဲဖြစ်ပါတယ် ။
အိမ်နီးချင်း တရုတ်ပြည်ထဲမှာ ဆိုရင် တရုတ်ယွမ်ငွေ ဘီလီလျံ နဲ့ ချီသုံးပြီး ဆောက်ထားတဲ့ အိမ်ရာ စီမံကိန်း အချို့ လူသူနေထိုင်သူ နည်းပါးတဲ့ အတွက် ဆောက်လုပ်တဲ့ ကုမ္မဏီတွေကော ၊ အစိုးရ တွေ ၊ဘဏ်တွေမှာပါ ဂျာအေးသူ့အမေ ရိုက်သလို ဖြစ်နေတယ် စီမံကိန်းတွေလည်း အများကြီး ရှိတယ် ဆိုတဲ့ အကြောင်း နိုင်ငံတကာ မီဒီယာ တွေမှာ အကျယ်တ၀င့်ရေးသား ဖော်ပြထားကြပါတယ် ၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အလားတူ မအောင်မြင်တဲ့ အိမ်ရာ စီမံကိန်းတွေလည်း ရှိကောင်းရှိနိုင်ပါတယ် ။
အချို့သော အစိုးရ တွေ အနေနဲ့ အထပ်မြင့် အိမ်ရာ စီမံကိန်း အမြောက်အများကို ငွေကြေးဘီလီလျံ နဲ့ ချီဆောက်လုပ်ပြီး နိုင်ငံရေး ရည်မှန်းချက်တွေ နဲ့ ဂုဏ်ပုဒ်တစ်ခု အဖြစ် ဖော်ပြနိုင်အောင် ဆောက်လုပ်ကြတာ တွေရှိပါတယ် ( အထူးသဖြင့် ကွန်မြူနစ် နိုင်ငံတွေ ) ၊ အောင်မြင်တဲ့ အိမ်ရာစီမံကိန်း တစ်ခု ဖြစ်လာဖို့ဆိုရင် တော့ ကွင်းဆင်းတွက်ချက်ကြပြီးမှ ဆောက်လုပ်ဖို့ လိုပါတယ် ။
နေထိုင်တဲ့ သူတွေ အတွက်လည်း သွားရေးလာရေး လွယ်ကူ အဆင်ပြေတဲ့ နေရာ ဖြစ်သလို ၊ ရေ ၊ မီးက အစ အဆင်ပြေပြေ ဖြည့်ဆည်းနိုင်မယ့် နေရာ ဖြစ်ဖို့ အရေးကြီးပါတယ် ၊ ဒါ့အပြင် မိသားစုတွေရဲ့ လူမှုဘ၀ ကျန်းမာရေး ၊ ဘ၀ ပျော်ရွှင်နေထိုင်ရေး အတွက် အနီးအနားမှာ အခြေခံ အဆောက်အအုံတွေကိုပါ ပြည့်စုံလုံလောက်အောင် ဆောက်ထားပေးဖို့ အရေးကြီးပါတယ် ။
ကွင်းခေါင်ခေါင်ထဲမှာ တိုက်အမြင့်ကြီးတွေဆောက်ပြီး လူတွေကို သွားနေခိုင်းရုံ သက်သက်နဲ့ တော့ အောင်မြင်တဲ့ အိမ်ရာစီမံကိန်း ဖြစ်လာမှာ မဟုတ်ပါဘူး ၊ အစိုးရအနေနဲ့ မြေကြီး ဆုံးရှုံးသလို ရင်းနှီးမြုပ်နှံရမယ့် ကုမ္မဏီ အနေနဲ့လည်း ၀ယ်သူမရှိလို့ ဒေ၀ါလီ ခံရကိန်း ဆိုက်မှာ ဖြစ်ပါတယ် ၊ ဈေးကွက်စီးပွားရေး သဘောသဘာဝ အရလည်း ဘယ်သူမှ လာပြီး ၀ယ်နေမှာ မဟုတ်လို့ ကျိန်းသေပေါက် အခန်းကလည်း ရောင်းထွတ်မှာ မဟုတ်ပါဘူး ၊ ဒါ့အပြင် ကွင်းခေါင်ခေါင်မှာ အထပ်မြင့် သွားဆောက်ထားတာ ဖြစ်လို့ ပြန်ရောင်းမယ့် ဈေးနှုန်းတွေကလည်း သာမန် တိုက်ခန်း ဈေးတွေထက် ပိုပေးရမှာ ဖြစ်လို့ ၀ယ်သူ ရှိမှာ မဟုတ်ပါဘူး ။
အိမ်ရာစီမံကိန်း တစ်ခု ဆောက်ထားပြီး ၀ယ်ယူနေထိုင်သူ မရှိဘူး နည်းတယ် ဆိုရင် ဘာကြောင့် အခုလို လူနေထိုင်တာ နည်းရတဲ့ အကြောင်းရင်းကို အဖြေရှာပြီး ဆောင်ရွက်ပေးဖို့လိုပါတယ် ။ အလားတူ ဆောက်မယ့် အိမ်ရာစီမံကိန်းတွေမှာလည်း ရှေ့ကဆောက်ခဲ့တဲ့ အိမ်ရာစီမံကိန်းတွေရဲ့ အားနည်းချက် အားသာချက်တွေကို လေ့လာပြီးမှ ဆောက်လုပ်ဖို့ အရေးကြီးပါတယ် ။
ဒါမှလည်း အစိုးရ ဘဲဖြစ်ဖြစ် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းရှင်တွေဘဲဖြစ်ဖြစ် စိုက်ထုတ်ထားတဲ့ ငွေကြေး မြေကြီးတန်ဖိုး တွေ အတွက် သိသာတဲ့ အကျိုးရလာဒ်ဖြစ်ထွန်း မှာ ဖြစ်သလို နေထိုင်သူတွေ အတွက်လည်း သက်တောင့်သက်သာ သွားလာလွယ်ကူ အဆင်ပြေနိုင်ပြီး အပန်းဖြေနိုင်မယ့် ဘုံဗိမာန်လေး ပိုင်ဆိုင်ခွင့်ရလို့ နှစ်ဦးနှစ်ဖက် ကျေနပ် ပီတိဖြစ်ကြမှာ သေချာပါတယ် ။
စင်ကာပူ နိုင်ငံရဲ့ အစွန်ဆုံး Tuas က HDB တိုက်ခန်းမှာ နေတဲံ့ လူတစ်ယောက်ဆိုရင် နိုင်ငံရဲ့ အရှေ့ဘက်အကျဆုံး ဖြစ်တဲ့ Changi airport တို့ pasir ris တို့လိုနေရာက စက်မှုဇုန်တွေ ၊ အလုပ်ရုံတွေ မှာ သွားအလုပ်ဆင်းဖို့ အတွက် အလွန်လွယ်ကူ လျင်မြင်တဲ့ ရထားစနစ်တွေ ၊ Circle line ကားစနစ်တွေ နဲ့ ဘယ်လောက်ဝေးတဲ့ နေရာမှာ နေတဲ့ လူဘဲဖြစ်ဖြစ် သူအလုပ်လုပ်မယ့် နေရာကို သွားနိုင်ဖို့ အတွက်တိကျသေချာတဲ့ transporting system ကောင်းကောင်း ရှိပါတယ် ၊ MRT နဲ့ အလှမ်းကွာဝေးတဲ့ နေရာက HDB Flat မှာနေတဲ့ လူတွေ အတွက်လည်း LRT လို့ခေါ်တဲ့ ခေါက်တို ရထားစနစ်တွေ လုပ်ပေးထားပါတယ် ။ ဘယ်မှာနေနေ အလုပ်လုပ်မယ့် နေရာ ဘယ်လောက်ဝေးဝေး ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ အလုပ်ဖြစ်တာကြောင့် စင်ကာပူ ရဲ့ အိမ်ရာစီမံကိန်းတွေ အောင်မြင်နေတာ ဖြစ်ပါတယ် ။
အခုလတ်တလောမှာ ရန်ကုန်ရဲ့ ကားပိတ်တဲ့ ပြသနာတွေကြောင့် မြို့တွင်းကနေ မြို့ပြင်သွားမယ့် လူတွေဘဲ ဖြစ်ဖြစ် ၊ မြို့ပြင်ကနေ မြို့တွင်းလာမယ့် သူဘဲဖြစ်ဖြစ် အနည်းဆုံး ကားပေါ်မှာ အသွားအပြန် အတွက် တစ်နေ့ကို အချိန်လေးနာရီလောက် ကုန်ဆုံးနေပါတယ် ၊ ယှဉ်ပြိုင်မှုတွေ များလာတဲ့ ယနေ့ကမ္ဘာကြီးမှာကော မြန်မာနိုင်ငံမှာပါ တိုးတက်လာတာနဲ့ အမျှ အချိန်ကလည်း ဘ၀မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာပါပြီ ၊ သွားရေးလာရေး လွယ်ကူ အဆင်ပြေနိုင်မယ့် နေရာတွေမှာ အိမ်ဌားခ ဈေးတွေ ခေါင်ခိုက်အောင် ဈေးတက်နေပေမယ့် သွားလာရေး ခက်ခဲတဲ့ မြို့ပြင်က ရပ်ကွက်တွေမှာ တော့ အိမ်ဌားခဈေးနှုန်းတွေ သိသိသာသာလေး သက်သာနေတာ တွေ့ရပါတယ် ။
အလုပ်အကိုင်များပြီး မြို့တွင်းကို ၁၅ မိနစ်လောက် လမ်းလျှောက်ရုံဘဲ ရောက်နိုင်တဲ့ စမ်းချောင်းလို နေရာက နတ်ပြည်ခြောက်ထပ် အခန်းကျဉ်လေးရဲ့ တစ်လ ဌားခ ကျပ် ၃ သိန်းအထက်မှာပေးနေရတဲ့ ယနေ့အချိန်မှာ မြို့တွင်းကနေ ကီလို ၂၅ လောက်ကားမောင်းရင် ရောက်နိုင်တဲ့ ဒဂုံတောင် ယုဇန အိမ်ရာက တိုက်ခန်းတွေ ကို မြေညီထပ် တစ်လ တစ်သိန်းခွဲ လောက်နဲ့ ဌားလို့ရတဲ့ ဈေးကွက်ဖြစ်နေပါတယ် ။ ဒါက ဘာကို ပြနေသလဲ ဆိုတော့ အိမ်ရာစီမံကိန်း တွေ အကောင်းဆုံဖြစ်အောင် လုပ်ထားပေမယ့်လည်း ကောင်းမွန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ် မပါတဲ့ အတွက် မဖြစ်မနေ နေရမယ့် လူတန်းစား တစ်ရပ်ကလွှဲလို့ လူတော်တော်များများက မြို့ပြင်မြို့နယ်တွေ ၊ မြို့ပြင်မြို့နယ်က တိုက်ခန်းတွေမှာ နေဖို့ လက်ရှောင်လာကြပါတယ် ။
အဓိကပြသနာကတော့ ကားပေါ်မှာ အချိန်မကုန်ခံချင်တော့တဲ့ ကိစ္စတွေ အပြင် ၊ မြန်မာပြည်ဘတ်စ်ကား အခြေအနေကလည်း ကိုရီးယား ချွေးထုတ်ခန်းကို ငွေပေးပြီး သွားစရာ မလိုလောက်အောင် ချွေးတစ်လုံးလုံးနဲ့ ပင်ပန်းဆင်းရဲတဲ့ ဒုက္ခကို မဖြတ်သန်းချင်တော့ လို့ မြို့ထဲက ရရာနေရာမှာဘဲ ကုတ်ကပ်နေကြပါတော့တယ် ၊ အကျိုးဆက်ကတော့ မြို့ထဲ အနီးတစ်ဝှိက် တိုက်ခန်းတွေ အရောင်းဈေး ၊ အဌားဈေးတွေပါ မကြုံစဖူး ထိုးတက်ခဲ့ပါတယ် ။
မြို့ပြင်က အထပ်မြင့် အထပ်နိမ့် တိုက်ခန်းမှာ နေပေမယ့်လည်း သက်တောင့်သက်သာ ရှိနိုင်မယ့် သယ်ယူပို့ဆောင်ရေး စနစ်ကောင်းကောင်း သာ တပါတည်း အကောင်အထည် ဖော်ပေးနိုင်မယ် ဆိုရင် ဒုက္ခသုခ များလှပြီးတစ်ဝဂူလို ဖြစ်နေတဲ့ မြို့တွင်းက တိုက်ခန်းတွေမှာ နေနေတဲ့လူတွေ လျော့ပါးသွားမှာ ဖြစ်ပါတယ် ၊ ဒါ့အပြင် ကျန်းမာရေး အရလည်း လေကောင်းလေသန့် ရနိုင်တဲ့ အားသာချက်ကြောင့် မြို့ပြင်က အိမ်ရာစီမံကိန်း တွေ ၊ အိမ်ရာစခန်းတွေမှာဘဲ နေထိုင်အလုပ်တက်အလုပ်ဆင်း လုပ်တော့မှာ ဖြစ်ပါတယ် ၊ အိမ်ဌားခဈေးတွေကလည်း ခေါက်ချိုးမက သက်သာတဲ့ အတွက်ကြောင်လည်း နေထိုင်သူတွေ အကြိုက်တွေ့လို့ အောင်မြင်တဲ့ အိမ်ရာစီမံကိန်း တစ်ခု ဖြစ်လာမှာ သေချာပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com