မွန်ပြည်နယ် ဘီး လင်းမြို့နယ်တွင် ပေါ်ထွန်းလာ သော မြေနုကျွန်းဧက ၁၄,၀၀၀ ကို လယ်ယာမဲ့များအား တန်းစီ စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးထံမှ သတင်းရရှိသည်။
ထိုမြေနုကျွန်းများမှာ ဘီးလင်းမြို့နယ် အရပ်သီမကျေးရွာ အုပ်စုတွင် ဧက ၁,၅၀၀၊ ပေါက်တောကျေးရွာ အုပ်စုတွင် ဧက ၈၀၀၊ ၀င်းကကျေးရွာတွင် ဧက ၁,၇၀၀၊ တောင်ကြီးကျေးရွာအုပ်စုတွင် ဧက ၅,၀၀၀၊ ဇုက္ကလိကျေးရွာ အုပ်စုတွင် ဧက ၅,၀၀၀ စုစုပေါင်း ၁၄,၀၀၀ တို့ ဖြစ်သည်။
‘‘မြေနုကျွန်းပေါ်မှာ လယ် ယာမြေလုပ်ပိုင်ခွင့် ချထားပေးဖို့ လယ်ယာမဲ့တွေကို စာရင်းကောက်ယူပြီး စိစစ်ထားတယ်။ မြေတိုင်း တာပြီးရင် လယ်မဲ့ယာမဲ့ တန်းစီဇယားပြုစုပြီးရင် မြေနုကျွန်းနဲ့ အနီးကပ်ဆုံး ကျေးရွာတွေကို ခွဲ ဝေချသွားပေးမှာ ဖြစ်တယ်’’ဟု မွန်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပို့ဆောင်ဆက်သွယ်ရေး ၀န် ကြီး ဦးထွန်းဌေးက ပြောသည်။
အရပ်သီမကျေးရွာအုပ်စု၊ ၀င်းကကျေးရွာအုပ်စု၊ တောင်ကြီးကျေးရွာအုပ်စုရှိ မြေနုကျွန်းဧက ၅,၈၀၀ ကို လယ်ယာမဲ့ ၂၄၁ ဦး အား တန်းစီစနစ်ဖြင့် ပထမဆုံး လယ်ယာမြေများ ချထားပေးနိုင် ရန် သထုံခရိုင်လယ်ယာမြေစီမံ ခန့်ခွဲရေးအဖွဲ့ထံ တင်ပြထားပြီး ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ လယ်ယာမဲ့အရေအတွက်ကို စာရင်းပြုစုတင်ပြရန် သက်ဆိုင်ရာကျေးရွာအုပ်စုများသို့ အကြောင်းကြားပြီးဖြစ်ကြောင်း ဦးထွန်းဌေးက ဆိုသည်။
‘‘ပေါ်ထွန်းလာတဲ့ မြေနုကျွန်းကို ပြည်နယ်အစိုးရက ဘယ်လိုစီ စဉ်ဆောင်ရွက်ထားလဲ။ ဘယ်လို စနစ်နဲ့ စည်းကမ်းတွေကို ဘယ် အချိန်မှာ လုပ်ပိုင်ခွင့်ချပေးသွား မလဲ’’ဟု ဘီးလင်းမြို့နယ် မဲဆန္ဒ နယ် အမှတ် (၁) ဒေါက်တာ ခင်နိုင်ဦးက ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပပြုလုပ်သော ပြည်နယ်လွှတ်တော်၌ မေးမြန်းထားသည်။
ထိုမြေနုကျွန်းများကို မြေနေ ရာစိစစ်သတ်မှတ်ပြီး လုပ်ကိုင် ခွင့်ချပေးမည့် တောင်သူများအား သတ်မှတ်ထားသော စည်းကမ်း ချက်များနှင့်အညီ စိစစ်ရွေးချယ် ပြီးချိန်တွင် ချထားပေးမည်ဖြစ်ကြောင်း ဦးထွန်းဌေးက ပြန်လည်ဖြေကြားခဲ့သည်။
Credit: 7DayDaily