အိန္ဒိယအိမ်ခြံမြေပြပွဲကို အာရပ်စော်ဘွားများပြည်ထောင်စု၊ ဒူဘိုင်းတွင် ကျင်းပခဲ့ပြီး အိန္ဒိယနိုင်ငံတစ်လွှားရှိ ထိပ်တန်း developer တို့သည် ၎င်းတို့၏ နောက်ဆုံး ပရောဂျက်များကို ချပြခဲ့ကြောင်း အရှေ့အလယ်ပိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဘောလိဝုဒ်ကြယ်ပွင့် အာဘက်ဇ်ခန်၊ ဒူဘိုင်းကမ္ဘာ့ကုန်သွယ်ရေးစင်တာ၏ ဒုတိယဥက္ကဌ ဘူတီ ဆာအစ် အယ်လ် ဂန္ဒီတို့အပြင် အိန္ဒိယအိမ်ခြံမြေကဏ္ဍမှ ထိပ်တန်းပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ယင်းပြပွဲတွင် တိုက်ခန်းများ၊ လုံးချင်းအိမ်များ၊ မြေကွက်များ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ လက်လီအရောင်းဆိုင်များ အစရှိသည်တို့ ရောင်းချရန် ပြသခဲ့သည်။
ပြပွဲ နှစ်ရက်တာကာလအတွင်း အိမ်ခြံမြေကဏ္ဍ ဆွေးနွေးပွဲများ ကျင်းပခဲ့သည်။
“ဒီပြပွဲဟာ အိန္ဒိယ အိမ်ခြံမြေကဏ္ဍရဲ့ နောက်ဆုံးဖြစ်ပေါ်ပြောင်းလဲမှုတွေကို ထိတွေ့ခွင့် ရနိုင်စေခဲ့တဲ့ အခွင့်အလမ်းကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် developer များစွာဟာ ၁၀၀ ရာခိုင်နှုန်း ပွင့်လင်းမြင်သာမှုရှိတဲ့ မူဝါဒတွေကို ကိုင်စွဲလာပြီဖြစ်တာကြောင့် ဝယ်လက်နဲ့ ရောင်းချသူအကြား နှစ်ဦးနှစ်ဘက် ယုံကြည်မှုအတိုင်းအတာတွေ မြင့်မားလာနေပါတယ်” ဟု ယခုပြပွဲ၏ အထွေထွေမန်နေဂျာ အာရ် သီရိဝိဒြာက ပြောကြားသည်။
အိန္ဒိယတွင် ၂၀၁၆ ခုနှစ် အိမ်ခြံမြေအက်ဥပဒေ (RERA) ပြဌာန်းလိုက်ခြင်းကလည်း အိမ်ခြံမြေကဏ္ဍစည်းမျဉ်းများ နိုင်ငံတကာစံမှီစေခဲ့ပြီး ပွင့်လင်းမြင်သာမှုနှင့် ပရော်ဖက်ရှင်နယ်ဆန်မှုတို့ကို ဆောင်ကြဉ်းပေးနိုင်ခဲ့ကြောင်းလည်း သူမက သုံးသပ်ခဲ့သည်။
အိန္ဒိယတွင် ငွေကြေးအချို့အား တရားမဝင်ကြေညာကာ ငွေကြေးသစ်များဖြင့်လဲလှယ်ပေးခြင်း လုပ်ဆောင်ချက်ကလည်း အိမ်ခြံမြေကဏ္ဍတွင် ပွင့်လင်းမြင်သာမှုများ ဆောင်ကြဉ်းပေးနိုင်ခဲ့သည့်အပြင် ဘဏ်များအတွက် ငွေဖြစ်လွယ်မှု မြင့်တက်လာစေခဲ့သည်။
သမားရိုးကျအားဖြင့် အိမ်ခြံမြေပြပွဲများတွင် developer တို့၏ စီမံကိန်းသစ်များ ရောင်းချခြင်းနှင့် ဆွေးနွေးပွဲများ ကျင်းပခြင်းတို့ပြုလုပ်လေ့ရှိရာ ယခုပွဲတွင်လည်း အိန္ဒိယတွင် ငွေကြေးအချို့တရားမဝင်ကြေညာခြင်းက အိမ်ခြံမြေကဏ္ဍအပေါ် အကျိုးရိုက်ခတ်မှုများကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါပြပွဲတွင် အိန္ဒိယနိုင်ငံတစ်ဝန်းမှ developer ပေါင်း ၁၇၀ ခန့် ပါဝင်ပြသခဲ့ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)