နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးနေသော်လည်း မြှုပ်နှံသူများက ပစ္စည်းသာယူလာပြီး ငွေပါမလာသဖြင့် ပြည်တွင်းဘဏ်များဆီ နိုင်ငံခြားငွေရောက်မလာသည့် အခြေအနေဖြစ်နေသဖြင့် ပြည်တွင်းငွေကြေး လည်ပတ်မှုများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အမှန်တကယ်ငွေသုံးစွဲမှုရှိ မရှိ စောင့်ကြည့်ရန် လိုအပ်နေကြောင်း မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ၊ သမ၀ါယမဘဏ်နှင့် အသေးစားငွေရေးကြေးရေးဘဏ် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကြံပြုပြောကြားသည်။
“မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာတဲ့အခါကျတော့ ပစ္စည်းပဲလာတယ်။ ငွေပါမလာဘူး။ ကျွန်တော်တို့ ဘဏ်တွေဆီကို ငွေမရောက်ဘူး။ ရောက်ပြီးတော့မှ တကယ်ငွေမသုံးတာမျိုးတွေ ငွေရေးကြေးရေး လည်ပတ်မှုမှာရှိလား၊ မရှိဘူးလားဆိုတာလေးတွေ စောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသို့နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ၂ ဘီလျံကျော် ၀င်ရောက်ထားရာတွင် စင်ကာပူနိုင်ငံက ဒေါ်လာနှစ်ဘီလျံကျော်ဖြင့် အများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အောက်တိုဘာ လကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်မြှုပ်နှံထားသည့် နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံက ဒေါ်လာ ၄၅၇ ဒသမ၂၀၃ သန်းဖြင့် ဒုတိယအများဆုံး မြှုပ်နှံထားပြီး ထိုင်းနိုင်ငံက ဒေါ်လာ ၁၀၆ သန်းကျော်ဖြင့် တတိယမြောက် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ခြောက်ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားရာ အောက်တိုဘာလကုန်အထိ ဒေါ်လာ ၃ဒသမ၂ဘီလျံ ၀င်ရောက်ထားပြီး ယခုဘဏ္ဍာနှစ် ဒီဇင်ဘာပထမပတ်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာသန်း ၂၁၂၂ ဒသမ ၃၈၃ ရှိနေပြီး အဆိုပါ ရင်းနှီးမြှုပ်နှံမှုအပြင် ယခင်ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအ၀င် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၃၄၂၂ ဒသမ ၄၂၃ သာ စီးဝင်ခဲ့ပြီး ယမန်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀၀ ခန့် လျော့နည်းနေကြောင်း မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၊ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
လက်ရှိအချိန်၌ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေကို စတင်ကျင့်သုံးနေပြီဖြစ်သော်လည်း ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များကို ယခင်ဥပဒေ အဟောင်းများဖြစ်သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားရင်း နှီးမြှုပ်နှံမှုဥပဒေတို့ဖြင့် ယခုနှစ်ကုန်အထိ လက်ခံဆောင်ရွက်ပေးမည် ဖြစ်သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု မှ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ဒေါ်လာ လေးဘီလျံရရှိရန် လျာထားခဲ့သော်လည်း ဒေါ်လာ ရှစ်ဘီလျံအထိ ၀င်ရောက်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ခုနှစ်တွင်လည်း ဒေါ်လာ ခြောက်ဘီလျံဝင်ရောက်ရန် လျာထားသော်လည်း ဒေါ်လာ ကိုးဘီလျံကျော်အထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံဝင်ရောက်ခဲ့သည်။ ထိုသို့ နှစ်နှစ်ဆက် လျာထားချက်ထက် မြင့်မားခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ်တွင် လျာထားချက် ပြည့်မီရန် ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ လိုအပ်နေသည်။
ဦးထင်ကျော် အစိုးရလက်ထက် နိုင်ငံခြားငွေတန်ဖိုး စံချိန်တင်မြင့်တက်ခဲ့သည့် ဖြစ်စဉ်အား လေ့လာရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေးနေသော်လည်း အမှန်တကယ် နိုင်ငံခြားငွေအသုံးပြုဝင် ရောက်ခြင်းမရှိမှုသည်လည်း အကြောင်းအချက်တစ်ခုအဖြစ် ပါဝင်နေသည်။
Credit: Eleven Media Group