အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသူ ဒေါ်နယ်ထရမ့်က အိုးအိမ်နှင့် မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် ရွေးချယ်ခြင်းခံထားရသူ ဘင်န်ကာဆန်က အနောက်ပန်ဘိခ်ျရှိ သူ၏ နေအိမ်ကို အရောင်းဈေးကွက်တင်ထားကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဈေးခေါ်ထားပြီး မစ္စတာကာဆန်နှင့် ဇနီးဖြစ်သူ ကန်ဒီတို့က ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ပြီး ဝယ်ယူခဲ့စဉ်က
ကန်ဒေါ်လာ ၇၇၅၀၀၀ ဈေးပေးခဲ့ရသည်။
ထို့ကြောင့် ယခုခေါ်ဈေးဖြင့် ရောင်းထွက်လျှင် ၅၅ ရာခိုင်နှုန်း
(ဒေါ်လာ ၅ သိန်းခန့်) မြတ်စွန်းမည် ဖြစ်သည်။
မြေထဲပင်လယ်ဗိသုကာဟန်ဖြင့် ၁၉၉၄ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နေအိမ်တွင် ကြီးမားသော ပြတင်းများ၊ ၂၂ ပေခန့်အထိ
မြင့်မားသော မျက်နှာကျက်၊ စကျင်ကျောက်ပြားခင်း ကြမ်းပြင်နှင့်
နံရံမြှုပ်စာအုပ်စင်များ ပါဝင်သည်။
“ဂန္ထဝင်မြောက်တဲ့ လက်ရာတွေ အများကြီးနဲ့ အလှဆင်ထားပါတယ်။ အိမ်ထဲကို ဝင်သွားတာနဲ့ ကြီးကျယ်ခမ်းနားတဲ့ ခံစားမှုကို အမှန်တကယ်ခံစားရမှာ ဖြစ်ပါတယ်” ဟု ဈေးကွက်တင်သည့်
အကျိုးဆောင် အာသာမာတန်က ပြောကြားသည်။
ဂျက်ခ် နစ်ကလော့စ်က ဒီဇိုင်းရေးဆွဲသည့် ဂေါက်ကွင်းအတွင်းတွင် နေအိမ်တည်ရှိသည်။
မစ္စတာကာဆန်သည် ၂၀၁၆ ခုနှစ်၊ ဇွန်လအတွင်းတွင်လည်း
ယခုနေအိမ်မှ ၁၂ မိုင်ခန့်အကွာအဝေးတွင်ရှိသော Old Palm အမည်ရှိ ဂေါက်ကွင်းတွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ဖူးသည်။
မကြာသေးမီရက်ပိုင်းက ဒေါ်နယ်ထရမ့်သည် မစ္စတာကာဆန်အား အိုးအိမ်နှင့် မြို့ ပြဖွံ့ဖြိုးရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း အတည်ပြုပြောကြားထားသည်။
မစ္စတာကာဆန်သည် ယခုနေအိမ်ရောင်းချမှုသာမက ဝါရှင်တန်ဒီစီသို့ ပြောင်းရွှေ့ အခြေချ၍ တာဝန်ထမ်းဆောင်မှုများ မပြုလုပ်မီတွင် နေအိမ်အရောင်းအဝယ်လှုပ်ရှားမှုများ များစွာ ပြုလုပ်သွားဖွယ်ရာရှိနေသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)