ဟောင်ကောင်ရုံးခန်းငှားရမ်းခများသည် လန်ဒန်နှင့် နယူးယောက်မြို့ကြီးများထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်သွားပြီဖြစ်ကြောင်း ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
လွန်ခဲ့သောနှစ်နှစ်ခန့်က ဟောင်ကောင်ကျောင်းသားများသည် ရွေးကောက်ပွဲတွင် ရွေးချယ်ခွင့်မရှိခြင်းအတွက် ဆန္ဒပြရန် လမ်းများပေါ်သို့ ထွက်ခဲ့ကြသည်။
ဟောင်ကောင်တွင် ယခုအကြိမ် ပေါက်ကွဲမည့်အချက်မှာ ရုံးခန်းငှားရမ်းခ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်နေသည့်အချက် ဖြစ်လာလိမ့်မည်ဟု ဆိုသည်။
ဟောင်ကောင်မြို့လယ်ရှိ ပထမတန်းစားရုံးခန်းနေရာ ငှားရမ်းခမှာ ယခုနှစ်အတွင်း ၁၃ ရာခိုင်နှုန်းခန့် မြင့်တက်လာပြီး ယင်းပမာဏမှာ လန်ဒန်နှင့် နယူးယောက်မြို့ကြီးများထက် ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း JLL ၏ စစ်တမ်းတစ်ရပ်တွင် ဖော်ပြသည်။
ဟောင်ကောင်မြို့လယ် ရုံးခန်းနေရာငှားရမ်းခမှာ လက်ရှိအားဖြင့် စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၃၀၂ ဒေါ်လာအထိ ဈေးပေါက်နေသည်။
လန်ဒန်မြို့ ၊ West End အရပ်တွင် ရုံးခန်းနေရာမှာ စတုရန်းတစ်ပေလျှင် ကန်ဒေါ်လာ ၁၉၇ ဒေါ်လာသာရှိပြီး နှင့် နယူးယောက်မြို့လယ်တွင် ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းပေလျှင် ၁၉၄ ဒေါ်လာသာ ရှိသည်။
ဟောင်ကောင်တွင် ရုံးခန်းနေရာငှားရမ်းခများ မြင့်တက်လာခြင်းမှာ တရုတ်ကုမ္ပဏီများ ဟောင်ကောင်သို့ အလုံးအရင်းဝင်ရောက် လာကြမှုကြောင့် ငှားလိုအား မြင့်လာခြင်းကြောင့် ဖြစ်သည်။
တရုတ်ကုမ္ပဏီများသည် နိုင်ငံတကာနယ်သို့ ခြေချရန် ပြင်ဆင်သည့် ပထမဆုံးခြေလှမ်းအဖြစ် ဟောင်ကောင်တွင် စတင်၍ ရုံးခွဲဖွင့်လေ့ရှိကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)