ဝေါ့ဒစ္စနေမိသားစုကကယ်လီဖိုးနီးယားသဲကန္တာရအတွင်းရှိနေအိမ်ကိုကန်ဒေါ်လာ ၉ သိန်းနီးပါးဖြင့် ရောင်းထုတ်ရန် စီစဉ်လျက် ရှိကြောင်းလော့စ်အိန်ဂျလိအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
အဆိုပါနေအိမ်ကို ၁၉၆၂ ခုနှစ်တွင် ဝေါ့ထ်နှင့် လီလီယန်ဒစ္စနေတို့အတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အထိဒစ္စနေမိသားစုပိုင်ဆိုင်ခဲ့သည်။
ဝေါ့ဒစ္စနေကတည်ထောင်ခဲ့သောWonderful World of Colorကိုဖွင့်လှစ်ပြီးမကြာမီတွင် အဆိုပါနေအိမ်ကိုဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဈေးကွက်သို့တင်လာသည့် ဓာတ်ပုံများအရနေအိမ်အတွင်းပိုင်းရှိတောက်ပသောအရောင်တို့မှာဒစ္စနေမိသားစုပိုင်ဆိုင်ခဲ့ စဉ်ကလောက် မတောက်ပတော့ကြောင်းတွေ့ရသည်။
အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သော အဆိုပါနေအိမ်သည် Palm Springs မြို့ကလေးတွင် ဒစ္စနေမိသားစုကဒုတိယအကြိမ်မြောက် ၀ယ်ယူခဲ့သောနေအိမ် ဖြစ်သည်။
ပထမဆုံးဝယ်ယူခဲ့သော နေအိမ်မှာ ယခုနေအိမ်အနီးတွင်ပင်တည်ရှိပြီး Disneyland တည်ဆောက်ရန်အတွက် ငွေလိုသောကြောင့် ရောင်းချခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ယခုနေအိမ်မှာ ယာတောအိမ်အသွင်ဆောက်လုပ်ထားခြင်းဖြစ်ပြီး ယခင်ရောင်းချလိုက်သော နေအိမ်ပုံသဏ္ဍာန်မျိုး ပြန်လည်ဆောက်လုပ်ထားခြင်းဖြစ်သည်ဟုလည်း ဆိုသည်။
တွေ့ဆုံမေးမြန်းခန်းများတွင် ဒစ္စနေက ယခုနေအိမ်ကို ရယ်ရွှင်မြူးသည့်နေရာဟု တင်စားပြောကြားလေ့ရှိသည်။
နေအိမ်အကျယ်အ၀န်းမှာ ၂၄၄၂ စတုရန်းပေကျယ်ဝန်းပြီး ခြံဝန်းမှာ ဧကမတ် ကျယ်ဝန်းသည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈၉၉၀၀၀ ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)