သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသည့် အဖွဲ့အစည်း သို့မဟုတ် အသက် (၁၈) နှစ်ပြည့်ပြီးသူ နိုင်ငံသားများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ရရှိနိုင်ရေး ကို ချောမွေ့အဆင်ပြေစွာဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိစေရန် အသိပေး ကြေငြာအပ်ပါသည်။
(၁) လယ်ယာမြေလုပ်ပိုင်ခွင့်လျှောက်လွှာ(ပုံစံ-၁)ကို သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ရယူ၍ ရပ်ကွက်(သို့မဟုတ်) ကျေးရွာ အုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့ လျှောက်ထားရပါ မည်။
(၂) ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လျှောက်လွှာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း (၃၀) အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့ စီစစ်ထောက်ခံ ချက်ပေးပို့ရပါမည်။
(၃) မြို့နယ်ဦးစီးဌာနရုံးသည် လျှောက်လွှာလက်ခံရရှိသည့်နေ့မှ (၁၅)ရက်အတွင်း ကန့်ကွက်လိုသူရှိပါက ကန့်ကွက်နိုင်ကြောင်း ထုတ်ဆင့်သည့်ကြော်ငြာစာ ကြေငြာ မည်ဖြစ်သည်။
(၄) ယင်းကြော်ငြာစာကို မြို့နယ်ဦးစီးဌာနရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားပါမည်။ကြော်ငြာတွင် ရက်ပေါင်း (၃၀)အတွင်းကန့်ကွက်နိုင်ကြောင်းဖော်ပြထားပါသည်။
(၅) ကန့်ကွက်ချက်တစ်စုံတစ်ရာ ရရှိလျှင် မြို့နယ်ဦးစီးဌာနရုံးသည် လက်ခံရရှိသည့် နေ့မှ(၇) ရက်အတွင်း သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုများသို့ သာမန် အားဖြင့်စုံစမ်းစစ်ဆေးတင်ပြရန်အကြောင်းကြားဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(၆) သက်ဆိုင်ရာ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် စုံစမ်းစစ်ဆေး တွေ့ရှိချက်ကို (၇) ရက် အတွင်း မြို့နယ်ဦးစီးဌာနရုံးသို့ တင်ပြရမည် ဖြစ်ပါသည်။
(၇) မြို့နယ်ဦးစီးဌာနရုံးသည် တင်ပြချက်ကို လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း(၃၀) အတွင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သဘောထားမှတ်ချက်နှင့်အတူ လယ်ယာမြေ လုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို တင်ပြရမည်။
(၈) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရရှိသည့်လုပ်ငန်းစာတွဲအား လက်ခံရရှိသည့် နေ့မှ(၇) ရက်အတွင်း သဘောထားမှတ်ချက်ဖြင့် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြသွားရမည်ဖြစ်သည်။
(၉) ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် တင်ပြလာသည့် လယ်ယာမြေလုပ်ပိုင်ခွင့် လုပ်ငန်းစာတွဲကို လက်ခံရရှိသည့်နေ့မှ (၁၅) ရက်အတွင်း လုပ်ပိုင်ခွင့်လျှောက်ထား ချက်ကို ခွင့်ပြုကြောင်း(သို့မဟုတ်) ငြင်းပယ်ကြောင်း ဆုံးဖြတ်ပြီး မြို့နယ်ဦးစီးဌာန ရုံးသို့ အကြောင်းကြားရမည်။
(၁၀) မြို့နယ်ဦးစီးဌာနရုံးသည် -
(က) ခွင့်ပြုကြောင်းအကြောင်းကြားချက်ကိုရလျှင် လုပ်ပိုင်ခွင့်ရရှိသူကိုလယ်ယာမြေမှတ်ပုံတင် ရန် ဦးစီးဌာန ရငွေစာရင်းသို့ မှတ်ပုံတင်ကြေးအဖြစ် ဦးပိုင်လုပ်ကွက်၁-ခုလျှင် ၅၀၀ ကျပ်နှုန်းပေးသွင်း စေပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ် ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ တင်ပြရမည်။
(ခ) ငြင်းပယ်ခြင်းခံရသူကို လယ်ယာမြေလုပ်ပိုင်ခွင့်ငြင်းပယ်ခြင်းခံရသူများ မှတ်ပုံတင်စာရင်းတွင် မှတ်တမ်းတင်ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။
(၁၁) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ အကြောင်းကြားချက်နှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအား လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ(၇)ထုတ်ပေးပြီး ငြင်းပယ်ခြင်းခံရသူထံသို့လည်း ငြင်းပယ်ကြောင်း အကြောင်းကြားစာ ပုံစံ(၈) ကို ပေးပို့သွားမည် ဖြစ်သည်။
(၁၂) ငြင်းပယ်ကြောင်းအကြောင်းကြားစာ လက်ခံရရှိသူသည် ဆုံးဖြတ်ချက်အပေါ် မကျေနပ်ချက်တစ်စုံ တစ်ရာရှိပါက လယ်ယာမြေဥပဒေပုဒ်မ(၂၂)ပါပြဋ္ဌာန်း ချက်အတိုင်း သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ မူလမြေယာမှုခင်းဖွင့်လှစ်ဆောင်ရွက်ရန်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
အထက်ဖော်ပြပါ ကြေငြာချက်အတိုင်းဆောင်ရွက်ရာတွင် အခက်အခဲတစ်စုံတစ်ရာ တွေ့ရှိပါက အတွင်းရေးမှူး၊ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ရုံးအမှတ်(၁၅)၊ နေပြည်တော် သို့ လိပ်မူ၍ လည်းကောင်း၊ ဖုန်း ၀၆၇- ၄၁၀၀၀၄ သို့လည်းကောင်း ဆက်သွယ်တိုင်ကြား နိုင်ပါသည်။
(ဦးစီးဌာနဆိုသည်မှာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနကို ဆိုလိုပါသည်)
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
Credit:MOI Webportal Myanmar