အမေရိကန်ဒုတိယသမ္မတအဖြစ် ရွေးကောက်ခြင်းခံထားရသူ မိုက်ခ်ပန့်စ်သည် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ၀ါရှင်တန်ဒီစီ အနောက်မြောက်ပိုင်း၊ ချေဗီချေ့စ်အရပ်တွင် တစ်လလျှင် ဒေါ်လာ ၆၀၀၀ ဖြင့် နေအိမ်ငှားရမ်းနေထိုင်လိုက်ကြောင်း နယူးယောက် အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
မိုက်ခ်ပန့်စ်သည် အင်ဒီယာနာပြည်နယ်၏ ၅၀ ဦးမြောက် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ငှားရမ်းလိုက်သော နေအိမ်မှာ သစ်ပင်များအုပ်ဆိုင်းလျက်ရှိပြီး မိသားစုနေထိုင်ရန် ကောင်းမွန်လှသည်။
မိုက်ခ်ပန့်စ်သည် ဇန်န၀ါရီလအတွင်းတွင် ကျမ်းသစ္စာကျိန်ဆိုပြီးပါက ဒုတိယသမ္မတအိမ်တော်သို့ မိသားစုနှင့်အတူ ပြောင်းရွှေ့နေထိုင်မည်ဖြစ်ပြီး ယခုနေအိမ်မှာကျမ်းသစ္စာမကျိန်ဆိုမီတွင် ခေတ္တငှားရမ်းနေထိုင်ခြင်း ဖြစ်သည်။
ငှားရမ်းလိုက်သည့်နေအိမ်တွင် အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး အဖြူရောင်အဆောက်အအုံဖြစ်ကာ ၁၉၃၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ခြံအကျယ်အ၀န်းမှာ ဧကတစ်မတ်ခန့်ရှိပြီး မိုက်ခ်ပန့်စ်က တစ်လလျှင် ကန်ဒေါ်လာ ၅၉၉၅ ဖြင့် ငှားရမ်းလိုက်ခြင်းဖြစ်သည်။
ယင်းနေအိမ်အဆောက်အအုံမှာ တသီးတသန့်ဖြစ်ခြင်းမရှိဘဲ ၀န်းကျင်အဆောက်အအုံများ နီးကပ်စွာတည်ရှိနေသည်။
နေအိမ်အတွင်း ခေတ်ပြိုင် ဥရောပဟန် မီးဖိုဆောင်၊ ခေတ်မီရေချိုးခန်းနှင့် ခြံဝန်းအတွင်းတွင် အင်္ဂလိပ်ပန်းခြံတစ်ခု ပါဝင်သည်။
မကြာသေးမီရက်ပိုင်းအတွင်း အဆိုပါနေအိမ်အနီးတွင် လျှို့ဝှက်ထောက်လှမ်းရေးများ ခြေချင်းလိမ်နေသည်ကို ရပ်ကွက်အတွင်း နေထိုင်သူတို့ တွေ့ကြရသည်ဟု ဆိုသည်။
ယင်းနေအိမ်အနီးတွင် နေထိုင်သူတစ်ဦးဖြစ်သော ဂျိုအန်နာ ပရက်က ပြောကြားရာတွင် အဆိုပါနေအိမ်အတွင်းမှ မိုက်ခ်ပန့်စ်ထွက်လာသည်ကို မကြာသေးမီကပင် တွေ့မြင်လိုက်ရသည်ဟု ဆိုသည်။ယင်းဒေသတစ်ဝိုက်တွင် နေထိုင်သူများသည် ဟီလာရီကလင်တန်ကို မဲပေးခဲ့ကြသူများဖြစ်သော်လည်း ဂျိုအန်နာပရက်ကမူ သူမ၏ အိမ်နီးချင်းသစ်အား ညစာစားဖိတ်ခေါ်ရန် စီစဉ်ထားကြောင်း ပြောကြားသည်။
“ကျွန်မတို့ရဲ့ ယုံကြည်ချက်တွေ ဘယ်လိုပဲရှိနေနေ အိမ်နီးချင်းကောင်းတွေ ဖြစ်ချင်ပါတယ်” ဟု ပရက်က ပြောကြားသည်။
ကျမ်းသစ္စာကျိန်ဆိုပြီးပါက မိုက်ခ်ပန့်စ်သည် သံတမန်တန်းဟု ခေါ်ဆိုပြီး ဂရိ၊ သြစတေးလျနှင့် တာ့ခ်မန်နစ္စတန်တို့ အပါအ၀င် နိုင်ငံတကာသံရုံးများစွာ အခြေစိုက်သည့် နေရာရှိ ၁၀ ဧက ကျယ်ဝန်းသော မြေပေါ်တွင် ဆောက်လုပ်ထားသည့် ဒုတိယသမ္မတ နေအိမ်တော်သို့ ပြောင်းရွှေ့နေထိုင်မည် ဖြစ်သည်။
ယင်းအိမ်တော်ကို ၁၈၉၃ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုကြီးပေါ်ပေါက်ပြီးနောက်ပိုင်း နေအိမ်အောက်တွင် ဗုံးခိုကျင်းတစ်ခု ဆောက်လုပ်ထားခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)