ဟောလိဝုဒ်သရုပ်ဆောင်အင်မလီဘလန့်နှင့် ခင်ပွန်းဖြစ်သူ အမေရိကန်သရုပ်ဆောင် ဂျွန်ကရာဆင်စကီးတို့ ကြယ်ပွင့်ဇနီးမောင်နှံသည် အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်တူရာခရိုင်၊ အိုဟိုင်းမြို့ကလေး Ojai ရှိ နေအိမ်ကို ရောင်းချမည်ဖြစ်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေ သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်အကျယ်အ၀န်း စတုရန်းပေ ၄၀၀၀ ရှိသည့် ယင်းနေအိမ်ကို ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက် တင်ထားခဲ့သည်မှာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီး ဖြစ်ကာ ရောင်းမထွက်ခဲ့ချေ။
ယင်းနောက်ပိုင်း သုံးကြိမ်တိုင်တိုင် ဈေးနှုန်းလျှော့ချရောင်းထုတ်သော်လည်း မထွက်သေးဘဲရှိနေရာ ယခုအခါတွင် ပထမဆုံး ခေါ်ဈေးအောက် ထက်ဝက်ခန့်နည်းပါးသည့် ဈေးနှုန်းဖြစ်သော ၂ ဒသမ ၇၅ သန်းဖြင့် ရောင်းချရန် ဈေးခေါ်ထားသည်။
အင်မလီဘလန့်တို့ ဇနီးမောင်နှံသည် မကြာသေးမီလပိုင်းအတွင်း အိမ်ခြံမြေကဏ္ဍတွင် အရောင်းအ၀ယ်များစွာပြုလုပ်ခဲ့ရာ နယူးယောက်မြို့၊ ဘရွတ်ကလင်းသို့ ပြောင်းရွှေ့ချိန်တွင် အနောက်ဘက်ကမ်းရိုးတန်းရှိ နေအိမ်ကို ရောင်းထုတ်ခဲ့ခြင်းလည်း
ပြုလုပ်ခဲ့သည်။
ယခုနှစ်အစောပိုင်းတွင် ကယ်လီဖိုးနီးယားရှိ အခြားနေအိမ်နှစ်လုံးကိုလည်း ရောင်းထုတ်ခဲ့ရာ ဟောလိဝုဒ်ဟေးလ်ရှိ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါ နေအိမ်ကို ကန်ဒေါ်လာ ၃ ဒသမ ၅၀၅ သန်းဖြင့် ရောင်းထုတ်ခဲ့မှုလည်း အပါအ၀င်ဖြစ်သည်။
ထို့အပြင် ဟောလိဝုဒ်ဟေးလ်ရှိ နေအိမ်တစ်လုံးကို ကင်ဒဲလ်ဂျင်းနာထံ ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ရောင်းထုတ်ခဲ့ဖူးသည်။
အင်မလီဘလန့်သည် The Girl on the Train ဇာတ်ကားရိုက်ကူးနေချိန်တွင် နယူးယောက်သို့ မိသားစုကို ပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် သမီးနှစ်ဦးဖြစ်သော ဟေဇယ်၊ ဗိုင်အိုလက်တို့နှင့်အတူ နေထိုင်ရန်အတွက် နယူးယောက်မြို့၊ ဘရွတ်ကလင်းအရပ်တွင် အိပ်ခန်း ၆ ခန်းပါနေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၆ သန်းဖြင့် ၀ယ်ယူခဲ့လေသည်။ယခုအခါတွင် ဟောလိဝုဒ်ဇနီးမောင်နှံသည် အိုဟိုင်းရှိ ကျန်ရှိနေသော နေအိမ်ကို နှုတ်ဆက်ရန် နီးစပ်နေပြီဖြစ်သည်။
ယင်းနေအိမ်တွင် ရေကန်တစ်ခု၊ မီးလင်းဖို ၄ ခုပါဝင်ပြီး တောင်ပေါ်ရှုခင်းများ တွေ့မြင်ရသည်။
ကိုလိုနီရီဗိုက်ဗယ်ဗိသုကာဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်များတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ခြံဝန်းအကျယ်အ၀န်းမှာ ၅ ဒသမ ၁ ဧက ကျယ်ဝန်းပြီး ခြံဝန်းအနီးတွင် ကပ်လျက်ရှိသည့် ၈ ဧကခန့် ကျယ်ဝန်းသော မြေကွက်မှာလည်း ရောင်းချမည့်မြေကွက်ဖြစ်ရာ ယင်းမြေကွက်ကိုပါ ၀ယ်ယူလိုက်မည်ဆိုပါက လော့စ် ပါဒရက် အမျိုးသားသစ်တောအစပ်သို့ ရောက်ရှိသွားမည် ဖြစ်လေသည်။
အင်မလီဘလန့်သည် ယခုနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၁၅ သန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။
အင်မလီဘလန့်သည် ဂျွန်ကရာစင်စကီးနှင့် ၂၀၁၀ ပြည့်နှစ်အတွင်း လက်ထပ်ခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)