ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
လူအများစုမှာ မိမိတို့၏ ဆိုင်ကယ် (သို့မဟုတ်) ကား အခိုးခံရမည်ကိုသာ စိုးရိမ်ကြသည်။
အိမ်ခိုးယူခံရမည်ကို စိုးရိမ်သူဟူ၍ မရှိ။
အမေရိကန်ပြည်တွင် ဒီ အင်ဒရေ တာနာ အမည်ရှိ အမျိုးသမီးသည်လည်း ထိုနည်းတူပင်။ နေအိမ်ခိုးရောင်းခံရမည်ဟု တွေးပင် မတွေးဖူးခဲ့။
သို့သော် အရီဇိုးနားပြည်နယ်၊ Phoenix မြို့ရှိ သူ၏ နေအိမ်ကို ကျူးကျော်နေသူများက သိမ်းပိုက်ရယူကာ စာရွက်စာတမ်းအတုများဖြင့် ရောင်းစားသွားသည်။
“ပဉ္စလက်ဆန်လွန်းတယ်လို့ ခံစားရပါတယ်။ ကျွန်မဟာ သဘာဝလွန်ဖြစ်ရပ်ဆန်းကြယ်ကိစ္စကြီးတစ်ခု ရင်ဆိုင်နေရသလို ခံစားရတယ်။ ဒါမျိုးဖြစ်လာမယ်လို့ ကျွန်မ တကယ်ကို မထင်မှတ်ခဲ့ပါဘူး” ဟု တာနာက ABC 15 Arizona နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
တာနာ၏ ခင်ပွန်းဟောင်း၊ ခရီးဝေးကုန်ကားသမား Keith ခရီးထွက်နေပြီး ကာလအတန်ကြာ နေအိမ်တွင် မရှိစဉ်အတွင်း ခိုးယူရောင်းစားခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Keith မရှိချိန်အတွင်း သူစိမ်း ၂ ဦးဖြစ်သော အေရွန် ပိုမန်တီယာနှင့် လယ်ဒယ်ရာ ဟော်လန်ဆိုသူတို့ နေအိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြသည်။
အိမ်ထဲသို့ ရောက်ချိန်တွင် တာနာတို့၏ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းများကို တွေ့ရှိသွားပြီးနောက် ၎င်းတို့ပိုင်ဆိုင်ဟန် စာရွက်စာတမ်းအတုများ ပြုလုပ်ခဲ့ကြသည်။
“ကျူးကျော်သူတွေဟာ ကျွန်မရဲ့အိမ်ကို ခိုးယူသွားခဲ့ကြပါတယ်။ သူတို့ဟာ အိမ်ကို ကျူးကျော်ဝင်လာခဲ့ကြပြီး အိမ်ရှင်ဖြစ်တယ်လို့ ဟန်ဆောင်ပြီး ရောင်းချသွားခဲ့ကြပါတယ်” ဟု ယခုတိုင် မယုံနိုင်အောင်ဖြစ်နေသော တာနာက ပြောပြသည်။
(▲ တာနာ မသိဘဲ လိမ်လည်ရောင်းစားခံလိုက်ရသည့် နေအိမ်။ ဓာတ်ပုံ-ABC15 Arizona)
ပိုမန်တီယာနှင့် ဟော်လန်တို့ နှစ်ဦးသည် စာရွက်စာတမ်းအတုများကိုင်ကာ နေအိမ်ကို အရောင်းဈေးကွက်တင် ခဲ့ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များထံ ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ရောင်းထုတ်လိုက်ကြသည်။
သို့သော် တာနာ၏ အမည်ဖြင့် ပေးချေထားသော ချက်လက်မှတ်များကို ငွေထုတ်ရန် ကြိုးစားချိန်တွင် ၎င်းတို့နှစ်ဦး အကျပ်ဆိုက်ခဲ့သည်။
ပိုမန်တီယာနှင့် ဟော်လန်တို့နှစ်ဦးမှာ ယခုအခါ အမှုရင်ဆိုင်ရန် စောင့်ဆိုင်းနေရပြီး နေအိမ်မှာမူ တာနာ၏ လက်အတွင်း ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ယခုဖြစ်ရပ်မှာ ပိုင်ရှင်တို့မသိဘဲ နေအိမ်များကို ရောင်းစားနေသည့်ဖြစ်ရပ်များ များပြားလာနေကြောင်း ပြသနေသည်။
(▲ နေအိမ်တွင် လူမရှိသည့်အချိန်အတွင်း ကျူးကျော်သူတို့ ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဒီအင်ဒရေ တာနာက ပြောသည်။ ဓာတ်ပုံ-ABC15 Arizona)
(▲ အာရွန် ပိုမန်တီယာနှင့် လယ်ဒယ်ရာ ဟော်လန်တို့သည် တာနာတို့ဇနီးမောင်နှံ၏ အချက်အလက် စာရွက်စာတမ်းများကို ခိုးယူသွားခဲ့ကြသည်ဟု ဆိုသည်။ ဓာတ်ပုံ-ABC15 Arizona)
စာရွက်စာတမ်းအတုများကို တွေ့ရချိန်တွင် တာနာမှာ ကြက်သေသေသွားခဲ့သည်။ “ဒါ..ကျွန်မ နာမည်လည်း မဟုတ်ဘူး။ ကျွန်မ လက်မှတ်လည်း မဟုတ်ဘူး။ ဘယ်လိုတွေ ဖြစ်ကုန်တာပါလဲ” ဟု တာနာက ABC15 Arizona နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။
(▲ ပိုမန်တီယာနှင့် ဟော်လန်တို့က Phoenix မြို့ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်ခဲ့ပြီး ဒေါ်လာ ၂၀၀၀၀၀ ဖြင့် ရောင်းထုတ်သွားခဲ့သည်။ ဓာတ်ပုံ-ABC15 Arizona)
နေအိမ်ခိုးရောင်းခြင်းများကို ကာကွယ်နိုင်ရန် အရေးကြီးသည်။
အမေရိကန်ပြည်တွင် တာနာ၏ ခိုးယူရောင်းစားခံရသော နေအိမ်တည်ရှိရာ နေရာအပါအဝင် ခရိုင်အများစု၌ သင်၏ အမည်ဖြင့် စာရွက်စာတမ်းတစ်ခုခု ပေါ်ပေါက်ချိန်တွင် သတိပေး အကြောင်းကြားပေးသည့် စနစ်ရှိသည်။
သင့်နေအိမ် လိမ်လည်ရောင်းချမှု ဖြစ်ပေါ်ပါက ချက်ချင်း သတိပေးအကြောင်းကြားမည်ဖြစ်ရာ ရဲတပ်ဖွဲ့ထံ အကြောင်းကြားရန် အချိန်ရနိုင်မည်လည်း ဖြစ်သည်။
ယခုလိမ်လည်မှုများကို တားဆီးကာကွယ်ရန် အခြားတစ်နည်းမှာ Google Alerts တွင် သင်၏ လိပ်စာ ထည့်သွင်းပေးထားခြင်းဖြစ်သည်။
အင်တာနက် ဝက်ဘ်ဆိုက်များပေါ်တွင် သူ၏အမည် ဖော်ပြခံရသည်နှင့်တပြိုင်နက် Google Maps က အသိပေးအကြောင်းကြားမည် ဖြစ်သည်။
(▲ ကျူးကျော်နေထိုင်သူတို့ ပြုလုပ်ခဲ့သည့် စာရွက်စာတမ်းအတုတွင် တာနာ၏ လက်မှတ်တုကို တွေ့ရပုံ။ ဓာတ်ပုံ-ABC15 Arizona)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Squatters took over a Phoenix home and sold it for $200K — without the owners knowing: ‘Feels so surreal’ Photo Credit- ABC15 Arizona