ဗဟုသုတ | Posted by အေးမြတ်သူ
အပတ်စဉ်တင်ဆက်ပေးနေတဲ့ အိမ်ခြံမြေဥပဒေအမေးအဖြေကဏ္ဍလေးတစ်ဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ စိတ်ဝင်စားဖွယ်ရာ အမေးအဖြေများကို ဒီတစ်ပတ်အတွက် တင်ဆက်ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။👨⚖️
⚖️ မေးခွန်း (၁)- အပျောက်တိုက်ခန်းဝယ်တဲ့စာချုပ် မှတ်ပုံတင်လိုရပါသလား။
ပဋိဉာဉ်ဥပဒေအရ (၁)သိန်း နှင့် အထက်ရှိသော မရွှေ့မပြောင်းနိုင်သောပစ္စည်းများကို မှတ်ပုံတင်စာချုပ်ချုပ်ဆို ရမည်ဖြစ်ကာ (၁)သိန်းအောက် မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်ပါက ပစ္စည်းကို လက်ရောက်ပေးအပ်ခြင်းဖြင့် ဆောင်ရွက်နိုင် ကြောင်း ဖော်ပြထားပါသည်။
စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေပုဒ်မ-၁၇(၁) ပိုဒ်ခွဲ (ဃ)အရ တန်ဖိုးငွေတစ်ရာနှင့်အထက်ရှိသော မရွှေ့ မပြောင်းနိုင်သောပစ္စည်းများအား မှတ်ပုံမတင်မနေရ စာချုပ်စာတမ်းအဖြစ် သတ်မှတ်ဖော်ပြထားကြောင့် တိုက်ခန်း များမှာလဲ မရွှေ့မပြောင်းနိုင်သော ပစ္စည်းဖြစ်သဖြင့် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုခြင်း ပြုနိုင်ပါသည်။ အခွန် ရာဖြတ်ဌာနမှ တန်ဖိုးစီစစ်ရေးသတ်မှတ်ချက်များတွင်လဲ မြို့နယ်အလိုက် တိုက်ခန်းအလွှာဖြင့် ရာဖြတ်တန်ဖိုးများ ထွက်ရှိထားပါသည်။ တိုက်ခန်းများမှ ဝယ်ယူသူမှ မှတ်ပုံတင်ခြင်းဆောင်ရွက်လိုပါက ရာဖြတ်တန်ဖိုးစီစစ်ရေးအဖွဲ့သို့ တင်ပြကာ သတ်မှတ်ခွန်ထမ်းဆောင်၍ မှတ်ပုံတင်ရုံးမှ အချက်အလက်များ ကိုက်ညီစုံလင်မှုရှိလျှင် မှတ်ပုံတင်ခြင်းအား ခွင့်ပြုပေး နိုင်မည်ဖြစ်ပါသည်။
ကွန်ဒိုဥပဒေသာ ထွက်ရှိထားပြီး သီးခြားတိုက်ခန်းဥပဒေတော့ ထွက်ရှိထားခြင်းမရှိပါ။ တိုက်ခန်းများရောင်းချခြင်း မှာ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေအရ အပျောက်စနစ်ဖြင့် ဥပစာလွှဲပြောင်းရောင်း ချခြင်းနှင့်သက်ဆိုင်ပြီး အပျောက်စနစ်တိုက်ခန်းဆိုသည်မှာလဲ အငှားပိုင်ဆိုင် ဝယ်ယူခြင်းသာဖြစ်ကာ ပိုင်ဆိုင်သူနှင့် မိသားစုအဆက်အစပ်မှာ ထာဝစဉ်နေထိုင်ခွင့်ရှိပါသည်။
အရပ်ကတိစာချုပ်ဖြင့် အရောင်းအဝယ်ပြုလိုလျှင်လဲ ပိုင်ဆိုင်မှုအား တန်ဖိုးငွေပေးချေကာ အရောင်းအဝယ် ပြုခြင်းပင်ဖြစ်သဖြင့် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေပုဒ်မ-၅၄ အရ ရောင်းချခြင်းပဋိဉာဉ်အဆင့်သို့ ရောက်ရှိပါသည်။ သို့သော် အရပ်ကတိစာချုပ်ဖြင့် တိုက်ခန်းများ ဝယ်ယူမည်ဆိုပါက မြေရှင်နှင့် ကန်ထရိုက် အကျိုးတူ ဆောက်လုပ်သော အဆောက်အအုံဖြစ်ပါက အကျိုးတူစာချုပ် ၊ အဆင့်ဆင့်လွှဲပြောင်းရောင်းချသော တိုက်ခန်းဖြစ်ပါက ပိုင်ဆိုင်မှု စာချုပ်အဆက်အစပ်၊ မှတ်တမ်းမှတ်ရာများ၊ ဆောက်လုပ်ခွင့်ပါမစ် မိတ္တူ၊ BCC (အဆောက်အအုံ ဆောက်လုပ်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်) မိတ္တူ၊ ရောင်းသူ မှတ်ပုံ တင်မိတ္တူ၊ အိမ်ထောင်စုစာရင်းမိတ္တူတို့ စာရွက်စာတမ်းစုံလင်စွာ ရောင်းချသူထံမှ တောင်းယူကာ အရောင်းအဝယ်စာချုပ်တွင်လဲ မြေရှင်အသိအမှတ်ပြုလက်မှတ်ရေးထိုးစေရပါမည်။
ထို့ပြင် အပျောက်စနစ်တိုက်ခန်းများအား အရပ်ကတိစာချုပ်ဖြင့် ဝယ်ယူလျှင် တိုက်ခန်းအား ပစ္စည်းလွှဲပြောင်းခြင်းဥပဒေအရ လက်ရောက်လွှဲပြောင်းခြင်းပြုမှသာ အရောင်းအဝယ်အထမြောက်မည်ဖြစ်ပါသည်။
မစောနှင့်မောင်ရွှေဂန်း 11LBR 415,1922 အမှု၊ မောင်မြသန်းပါ-၂ နှင့် ဦးထွန်းတင် ၊ 1963 BLR 708 အမှုတို့တွင်လဲ လက်ရှိထားပိုင်ခွင့်ကို အဓိကအခြေပြုကာ ဆုံးဖြတ်ထားသည်ကိုလဲ တွေ့ရှိနိုင်ကြောင်း ဖြေဆိုရေးသား ပေးလိုက်ပါသည်။
⚖️ မေးခွန်း (၂)- အိမ်ခြံမြေစာချုပ်တွေကို မပျောက်မပျက်ရအောင် ဘယ်လိုလုပ်ရမလဲ။
ဘဏ်ဥပဒေအရ ဘဏ်သည် ချေးငွေများ၊ ကြိုတင်ထုတ်ငွေများ၊ အပ်ငွေများ၊ အာမခံထားရှိပေါင်နှံခြင်းများ၊ ကုန်စည်များ၊ လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းများနှင့် အာမခံများကို ဥပဒေနှင့်အညီ ရောင်းချခြင်းလုပ်ငန်းများအပြင် အရေးကြီးစာချုပ်စာတမ်းများကို အပ်နှံထားရှိပါက မပျောက်မပျက်အောင် နည်းလမ်းတကျ ထိန်းသိမ်းစောင့်ရှောက်သည့် ဝန်ဆောင်မှုလဲရှိပါသည်။
ဘဏ်တစ်ခုခုသည် ငွေကြေးနှင့် သက်ဆိုင်သည့် လုပ်ငန်းတစ်ခုခု အပ်နှံငွေများအား လက်ခံခြင်းအပြင် ဘဏ်တွင် မိမိပိုင်ဆိုင်မှု စာချုပ်စာတမ်း၊ စိန်၊ ရွှေ၊ငွေများအား သတ်မှတ်ဝန်ဆောင်မှုဖြင့် လက်ခံခြင်းလဲပြုနိုင်သည်။
မိမိမှ စိတ်ကြိုက်ဘဏ်တစ်ခုခုအားရွှေးချယ်ကာ အရေးကြီးစာရွက်စာတမ်းများ၊ အဖိုးတန် လက်ဝတ်ရတနာများ အား ဘဏ်၏ Locker တွင် ယုံကြည်စိတ်ချတွင် ထားရှိခြင်းပြုရန်အတွက် ဘဏ်တွင်သွားရောက်ဆွေးနွေးခြင်းပြုကာ ဘဏ်၏ ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ တနည်းဆိုသော ဘဏ်၏ စိတ်ချသေချာမှုရှိသော ပစ္စည်းထားသိုမှုနေရာအား ငှားရမ်းသုံးစွဲခွင့်ပြုရန် လျှောက်ထားခြင်းဖြစ်ပါသည်။ ဘဏ်မှ စပေါ်ငွေသတ်မှတ်ထားမည်ဖြစ်ပြီး သော့ပြန်အပ်သည့်အခါ ဘဏ်မှ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။
ထို့သို့ ဘဏ်တွင် အပ်နှံထားရှိသည်ပစ္စည်းများမှာ အချိန်အကန့်အသတ်မရှိ ဘဏ်ဖွင့်ရက် ဘဏ်အလုပ်ချိန် အတွင်း Locker အား ပစ္စည်းများထည့်ခြင်း၊ ထုတ်ခြင်း၊ ဖွင့်ခြင်း၊ ပိတ်ခြင်း ပစ္စည်းပိုင်ရှင်၏ ဆန္ဒအလျှောက် ကိုယ်ပိုင်သော့ဖြင့် လွတ်လပ်စွာ ဆောင်ရွက်နိုင်ပါကြောင်း ရေးသားဖြေဆို ပေးလိုက်ပါသည်။
⚖️ မေးခွန်း (၃)- ပါမစ်နဲ့ ဝယ်ထားတဲ့ ခြံကို ဂရန်ပြန်လျှောက်နိုင်ပါသလား။
စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့် မြေယာစီမံခန့်ခွဲမှုဌာနမှ ဂရန်လျှောက်ထားနိုင်သော မြေအမျိုးအစားများ သတ်မှတ်ထားပါသည်။အသက်-(၁၈)နှစ် ပြည့်ပြီးသူ၊ နိုင်ငံသား၊ နှစ်စဉ် သတ်မှတ် မြေခွန်အား ထိမ်းဆောင်နိုင်သူဖြစ်ပါ က အောက်ပါမြေအမျိုးများကို ဂရန်လျှောက်ထားခြင်းပြုနိုင်ပါသည်။
👉(၁)။ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ၊
👉(၂)။ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး ကော်မတီအမည်ပေါက်ရှိပြီးမြေ၊
👉(၃)။လိုင်စင်မြေ၊
👉(၄)။ပါမစ်မြေ၊
👉(၅)။စကွာတာမြေ၊
👉(၆)။စနစ်တကျမြို့ကွက်ဖော်ထုတ်ထားသည့် လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ၊
👉(၇)။ဂရန်ပေးစီမံချက်မြေ အမျိုးအစားတို့ဖြစ်ပါသည်။
ထိုမြေအမျိုးအစားများထဲမှ ပါမစ်မြေကို ဂရန်လျှောက်ထားပါက မြေပိုင်ဆိုင်ခွင့်စာချုပ်စာတမ်း(သို့) မြေပိုင်ဆိုင်မှု အထောက်အထားမူရင်းများ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား (သို့) အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ မြေငှားခကြွေး ကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာတို့ တင်ပြပေးရန် လိုအပ်ပါသည်။ ပါမစ်မြေမှာ ဂရန်မြေအမျိုးအစား ပြောင်းလဲလျှောက်ထားခြင်းပြုနိုင်သော်လည်း မူလပါမစ်အမည်ပေါက်သူ လက်မှတ်လိုအပ်ပြီး မူလအမည်ပေါက်ပျောက်ဆုံးနေပါက ဌာနမှ ဂရန်လျှောက်ထား မှုများ ယခုခေတ္တရပ်ဆိုင်းထားပါသည်။
ပါမစ်မြေမှာ လူနေထိုင်ရန်အတွက် အသိအမှတ်ပြုထုတ်ပေးထားသော မြေအမျိုးအစားပင်ဖြစ်ပြီး နေအိမ် ဆောက်လုပ်ပြီးသည့်အခါ ဌာနမှ တောင်းဆိုသည့် အချက်အလက်မျာနှင့် ကိုက်ညီပါက ဂရန်လျှောက်ထားမှု ဆက်လက် လုပ်ဆောင်နိုင်ပါသည်။
ပါမစ်မြေများတွင် ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားခြင်းများလဲရှိပြီး ဌာနမှ ပျောက်ဆုံးကြောင်း အထောက်အထားများ တင်ပြနိုင်ပါက ခွင့်ပြုပေးနိုင်ပါသည်။ သို့သော် ဌာနမှ ဂရန်ထုတ်ပေးပြီးနောက်ပိုင်း တစ်စုံ တစ်ယောက်မှ ပါမစ်မူရင်းတင်ပြ၍ ကန့်ကွက်လာပါက ယခုထုတ်ပေးသော ဂရန်ကို ဌာနမှ ပြန်လည်ပယ်ဖျက် မည်ဖြစ်ကြောင်းနှင့် လျှောက်ထားသူအားလဲ သဘောတူလက်ခံကြောင်း တံဆိပ်တုံးပေါ်တွင် လက်မှတ်ရေးထိုး စေခြင်းများရှိကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။
လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ညတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။
မေးခွန်းပေးပို့ရန် Link ➡
https://www.imyanmarhouse.com/property-questions-answers-ask
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com