ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမျိုးသားတစ်ဦးသည် စိတ်ဖိစီးမှု ဖြေဖျောက်ရန်အတွက် သမားရိုးကျမဟုတ်သော နည်းလမ်းတစ်ခုအနေဖြင့် နေအိမ်များထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ရာ နေအိမ်ပေါင်း ၁၀၀၀ ကျော်သို့ ဝင်ရောက်ခဲ့ကြောင်း ထုတ်ဖော် ဝန်ခံသည်ဟု ဂျပန်ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖုကုအို့ကခရိုင်၊ ဒါဇိုင်းဖုမြို့ရှိ နေအိမ်တစ်လုံး ကျူးကျော်ဝင်ရောက်မှုဖြင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်။
ယုတ ဆုဂဝဒ အမည်ရှိ ထိုအမျိုးသားသည် အခြားသူတို့၏ နေအိမ်များကို ဝါသနာအရ ကျူးကျော်ဝင်ရောက်နေသည်မှာ ကြာခဲ့ပြီဖြစ်ပြီး လွန်ခဲ့သော ရက်သတ္တ ၂ ပတ်ခန့်က ဇနီးမောင်နှံ ၂ ဦး၏ နေအိမ်ကို ကျူးကျော်ဝင်ရောက်ချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
၎င်းအား စစ်ဆေးမေးမြန်းရာတွင် မိမိ၏ စိတ်ပျော်ရွှင်ရန်သက်သက်အတွက် အခြားသူတို့၏ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ရာ ရဲတပ်ဖွဲ့မှာ များစွာ အံ့အားသင့် တုန်လှုပ်ခဲ့သည်။
အခြားသူတို့၏ နေအိမ်ပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ချိန်တွင် ကြောက်ရွံ့မှုကြောင့် လက်ဖဝါးများ ချွေးစေးပြန်လာမှုက မိမိအား စိတ်ဖိစီးမှု ပြေပျောက်စေကြောင်း ဆုဂဝဒက ပြောသည်။
ဒါဇိုင်းဖုမြို့မှ ဇနီးမောင်နှံ၏ နေအိမ်ကို ကျူးကျော်ဝင်ရောက်ခဲ့မှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရာတွင် ဆုဂဝဒက ပြောသည်မှာ ထိုအိမ်မှ ဇနီးမောင်နှံ အပြင်သွားနေသည်ဟု မှတ်ထင်ခဲ့သဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။
သို့သော် အိမ်ရှင်ဇနီးမောင်နှံမှာ အိမ်ထဲတွင် ရှိနေသဖြင့် ဆုဂဝဒအား လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အိမ်ရှင်က ဆုဂဝဒအား မလှုပ်ရှားနိုင်အောင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်း၏ ဇနီးက ရဲတပ်ဖွဲ့ကို ဖုန်းဆက်အကြောင်းကြားခဲ့သည်။
ဖုကုအို့ကခရိုင်ရဲတပ်ဖွဲ့က ဆုဂဝဒကို စစ်ဆေးမေးမြန်းရာတွင် “ပုဂ္ဂလိကပိုင် နေအိမ်ပိုင်နက်ထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်ခဲ့တာ သံသယဖြစ်စရာ မရှိပါဘူး” ဟု ၎င်းက ဖြေသည်။
ထို့နောက် ထိုသို့ ကျူးကျော်ဝင်ရောက်ခြင်းမှာ မိမိ၏ ဝါသနာအရဖြစ်ကြောင်း ဆုဂဝဒက ဝန်ခံသည်။
“တခြားသူတွေရဲ့ နေအိမ်ပိုင်နက်ထဲကို ကျူးကျော်ဝင်တာဟာ ကျွန်တော့်ဝါသနာအရပါ။ ကျွန်တော် နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ကျွန်တော်က အိမ်ပိုင်နက်ထဲကိုပဲ ဝင်တာပါ။ အိမ်အတွင်းထဲကို ဘယ်တုန်းကမှ မဝင်ခဲ့ပါဘူး” ဟု ဆုဂဝဒက ပြောကြောင်း ဂျပန်သတင်းစာ Mainichi Shimbun သတင်းစာက ဖော်ပြသည်။
ရဲတပ်ဖွဲ့က အဆိုပါခရိုင်အတွင်း ဖြစ်ပွားခဲ့သည့် အခြားသော ရာဇဝတ်မှုများနှင့် ဆုဂဝဒတို့အကြား ဆက်နွှယ်မှု ရှိ၊ မရှိ ဆက်လက်စစ်ဆေးလျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Japanese man broke into 1,000 homes to 'relieve stress' (japantimes)