ဗဟုသုတ | Posted by နှင်းအိခင်
ဆိုင်ကယ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲဝင် ဆိုင်ကယ်စီးသမားဟောင်းတစ်ဦးဖြစ်သူ အက်ဇယ် ပွန်းစ် (Axel Pons) သည် ဆိုင်ကယ်ပြိုင်ပွဲလောကမှ အနားယူပြီးနောက်ပိုင်း သူ၏ ဘဝကို အခြေခံကျကျပြောင်းလဲပစ်ခဲ့သည်။
Moto ဂရင်းပရီတွင် ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲအမျိုးအစား ၄ မျိုးရှိပြီး MotoGP, Moto2, Moto3 နှင့် MotoE ဟု ဖြစ်သည်။
ပထမပြိုင်ပွဲ ၃ မျိုးတွင် Four-stroke အင်ဂျင်များ အသုံးပြုပြီး MotoE (၂၀၁၉ ခုနှစ်တွင်စတင်ကျင်းပ) မှာ လျှပ်စစ်ဆိုင်ကယ်ပြိုင်ပွဲဖြစ်သည်။
အက်ဇယ် ပွန်းစ်သည် Moto2 တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ၎င်း၏ဖခင် စီတို ပွန်းစ် (Sito Pons) မှာ MotoGP တွင် ကမ္ဘာ့ချန်ပီယံဆု ၂ ကြိမ်ရခဲ့ဖူးသူ ဖြစ်သည်။
အက်ဇယ် ပွန်းစ်သည် ဆိုင်ကယ်ပြိုင်မောင်းသမားဘဝမှ အနားယူပြီးနောက် စပိန်နိုင်ငံမှ ပါကစ္စတန်အထိ ခြေလျင် ခြေဗလာဖြင့် လမ်းလျှောက်ခရီးထွက်ခဲ့ကာ အိန္ဒိယအထိ သွားရောက်ခဲ့သည်။
အယ်ဇယ် ပွန်းစ်သည် လူငယ်ဘဝတွင် ဆိုင်ကယ်ပြိုင်သမားဘဝထဲ၌သာ ကိုယ်စိတ်နှစ်ပါးနှစ်မြှုပ်ထားခဲ့ပြီး ရည်မှန်းချက်လည်း အလွန်မြင့်မားခဲ့သည်။
ရည်မှန်းချက်ဖိအားအလွန်များခဲ့သူ အက်ဇယ် ပွန်းစ်သည် အောင်မြင်မှုများ မရရှိခဲ့။
၂၀၁၆ ရာသီတွင် ကျင်းပသော Moto2 ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွင် နံပါတ် ၁၆ နေရာရခဲ့ခြင်းမှာ အက်ဇယ် ပွန်းစ်၏ ဖြတ်သန်းမှုတွင် အမြင့်မားဆုံး အဆင့်ဖြစ်ခဲ့သည်။
ထိုအချိန်တွင် အက်ဇယ်ပွန်းစ်က ဆိုင်ကယ်ပြိုင်ပွဲလောကမှ အနားယူရန် ဆုံးဖြတ်လိုက်ပြီး ဖက်ရှင်လောကသို့ ဦးလှည့်ခဲ့သည်။
ဖက်ရှင်မော်ဒယ်အဖြစ် အလုပ်အချို့လုပ်ကိုင်ခဲ့ပြီး အများမြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့သည်။
၂၀၁၉ ခုနှစ်တွင်မူ စပိန်သတင်းစာ El Pais နှင့် တွေ့ဆုံမေးမြန်းခန်း ပြုလုပ်ကာ ပြန်လည်ပေါ်ပေါက်လာခဲ့သည်။
ထိုအင်တာဗျူးထဲတွင် အက်ဇယ် ပွန်းစ်က ပြောသည်မှာ မိမိအနေဖြင့် ခြေလှမ်းများ အရှိန်လျှော့လိုပြီး ပြီးခဲ့သောအတိတ်ကို ချန်ထားခဲ့လိုကြောင်း ပြောသည်။
သို့သော် ယခုကဲ့သို့ နှစ်ရှည်ခြေလျင်ခရီးထွက်မည်ကိုမူ မည်သူမျှ မမျှော်လင့်ခဲ့။
“တခါမှာတော့ ဒီလို တက်သုတ်ရိုက်လှုပ်ရှားနေရတဲ့ ဘဝရဲ့ အဓိပ္ပာယ်ကဘာလဲဆိုတဲ့ မေးခွန်း ကျွန်တော့်စိတ်ထဲမှာ စတင်ပေါ်ပေါက်လာပါတယ်” ဟု အက်ဇယ်ပွန်းစ်က ပြောသည်။
“ကျွန်တော့်ဇာတ်ကြောင်းက ရှည်လျားပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၃ နှစ်က ကျွန်တော့်ခြေလျင်ခရီး စခဲ့တဲ့အချိန်က စပြီးပြောပြနိုင်ပါတယ်။ ကျွန်တော့် ပုခုံးပေါ်မှာရှိတဲ့ ဝန်ထုပ်တွေအားလုံး ချထားပစ်ဖို့ ဆုံးဖြတ်လိုက်ပြီး ကျောပိုးအိတ်တစ်လုံးပဲယူပြီး လမ်းလျှောက်ခရီးစတင်ခဲ့ပါတယ်”
မကြာသေးမီက YouTube ဗွီဒီယိုဖိုင်တစ်ခုထဲတွင် ပါကစ္စတန်နိုင်ငံအတွင်း ခြေလျင်လမ်းလျှောက်နေသော အက်ဇယ်ပွန်းစ်ကို ဖော်ပြခဲ့မှုမှာ အလွန်နာမည်ကြီးသွားသည်။
အက်ဇယ် ပွန်းစ်မှာ ဆံပင်များရှည်လျားကာ ညစ်ပတ်ပေစုတ်နေပြီး ဖိနပ်လည်း မပါချေ။
၎င်းအား ဗွီဒီယိုရိုက်နေသူကို အက်ဇယ် ပွန်းစ်က ပြောပြသည်မှာ ခြေဗလာဖြင့် လမ်းလျှောက်နေသည်မှာ ၆ နှစ်ရှိပြီဖြစ်ကြောင်း ပြောသည်။
အက်ဇယ် ပွန်းစ်က အသားမာတက်ကာ မဲနက်နေသည့် ခြေဖဝါးကိုလည်း ပြသခဲ့သည်။
အက်ဇယ် ပွန်းစ်သည် Moto2 တွင် ၂၀၀၈ မှ ၂၀၁၇ အထိ ၁၀ ရာသီ ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
ခြေလျင်ခရီးကို သူ၏ဇာတိမြေ စပိန်မှ စတင်ခဲ့ပြီး၊ အနောက်ဥရောပ ..ထိုမှတဆင့် အရှေ့ဘက်ဆီသို့ ဖြေးဖြေးချင်းလမ်းလျှောက်ကာ ကမ္ဘာကြီး၏ အလှတရားတို့ကို ခံစားခဲ့သည်။
ဖခင်ဖြစ်သူ စီတို ပွန်းစ်က သား၏ ခြေလျင်ခရီးအကြောင်း အင်တာဗျူးတစ်ခုတွင် ပြောပြခဲ့သည်မှာ “အက်ဇယ် လုပ်နေတာက သာမန်မဟုတ်တဲ့အရာမျိုးဖြစ်ပြီး မယုံနိုင်အောင် ရဲရင့် သတ္တိရှိတဲ့လုပ်ဆောင်မှုလို့ ကျွန်တော်ထင်ပါတယ်” ဟု ဆိုသည်။
“သူ…ကျွန်တော့်ကို ပြောတာက သူ့အနေနဲ့ ကမ္ဘာကြီးကိုကြည့်ဖို့၊ ဘဝရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့၊ ဘာသာတရားတွေအကြောင်း သိနိုင်ဖို့အတွက် လမ်းလျှောက်ဖို့လိုအပ်တယ်လို့ ပြောပြီး သူ့ရဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်”
“သူ့ရဲ့ စိတ်ကူးက အိန္ဒိယအထိ ခြေလျင်လမ်းလျှောက်သွားဖို့ပါ။ ပြဿနာရှိတာက ပါကစ္စတန်-အိန္ဒိယနယ်စပ်က ပိတ်ထားတယ်။ အဲဒါကြောင့် သူက ဟိမဝန္တာဘက်ကနေ သွားဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီမှာ ၅ လလောက် နေခဲ့ပါတယ်။ သူရှိတဲ့နေရာကို လူတွေအများကြီး သွားကြတယ်။ ဓာတ်ပုံတွေရိုက်ကြ၊ သူနဲ့ စကားတွေပြောကြပါတယ်”
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Former Moto2 rider Pons walks barefoot from Spain to Pakistan (motorsport)