ဗဟုသုတ | Posted by ဇာနည်ကျော်
သက်သေခံဥပဒေပုဒ်မ - ၉၁ (က) အရ နှုတ်သက်သေခံချက်အား ပယ်သောကိစ္စရပ်တွင် မူရင်းစာချုပ်စာတမ်းနှင့် တဆင့်ခံစာချုပ်စာတမ်း သက်သေခံချက်ကို သက်သေတင်ပြရမည်ဖြစ်ပါသည်။ စာချုပ်စာတမ်းဖြင့်သာ လက်ခံရသော သက်သေခံဖြစ်လျှင် မည်သည့်သက်သေခံချက်မျှ လက်ခံ၍မရပါ။ (ဒေါ်တင်မြနှင့် ရာဟီမာ ဘီဘီ ၁၉၆၆ မြန်မာပြည်စီရင်ထုံး ၈၆)။ စာတမ်းအမှတ်အသားပါ သက်သေခံချက်များကို နှုတ်သက်သေခံချက်ဖြင့် ထင်ရှားအောင်ပြသခွင့်မရှိဘဲ အခြားအကြောင်းအရာကိုသာ နုတ်သက်သေခံချက်ဖြင့် တင်ပြခွင့်ရှိပါသည်။
မူရင်းစာတမ်းအမှတ်အသားကိုသာ သက်သေခံအဖြစ် လက်ခံခွင့်ရှိသော ပဋိဉာဉ် ၊ မြေငှားစာချုပ်များတွင်တော့ သက်သေခံဥပဒေပုဒ်မ - ၉ အရ မူရင်းသက်သေခံ အထောက်အထားကိုသာ သက်သေခံတင်ပြရမည် ဖြစ်ပါသည်။ ထို့ပြင် မရွှေ့မပြောင်းနိုင်သောပစ္စည်းနှင့် စပ်လျဉ်း၍ အရောင်းအဝယ်၊ ပေါင်နှံခြင်း၊ တစ်နှစ်ထက်ပိုသော ငှားရမ်းခြင်း၊ ပေးကမ်းခြင်း၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ပါဝင်သော မိသားစုစီမံခန့်ခွဲမှု စာချုပ်များအား သက်သေခံတင်ပြမည်ဆိုပါက မှတ်ပုံတင်စာချုပ်စာတမ်းဖြစ်ရန် လိုပါသည်။
ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက အဆိုပါပဋိဉာဉ်ကို ငြင်းဆိုခြင်း၊ ဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းရှိကြောင်း နှုတ်ဖြင့် သက်သေခံတင်ပြခွင့်မရှိပါ။ ချုပ်ဆိုခဲ့သောစာချုပ်မှာ ဟန်ဆောင်ချုပ်ဆိုခဲ့သော ဟန်ဆောင်စာချုပ်ဖြစ်ပါက ဟန်ဆောင်စာချုပ်ဖြစ်ကြောင်း နှုတ်သက်သေခံချက်တင်ပြခွင့်ရှိပါသည်။(ဒေါ်သန်းတင်နှင့် ဒေါက်တာ ခင်မောင်ဝင်းပါ - ၂ ဦး ၁၉၈၁ မြန်မာပြည်စီရင်ထုံး စာ - ၁၉၆ )။ ပဋိဉာဉ်မချုပ်ဆိုစဉ်က အကြောင်းချင်းရာ တစ်စုံတစ်ရာရှိက နှုတ်သက်သေခံချက်တင်ပြခွင့်ရှိပါသည်။
သို့သော်စာချုပ်စာတမ်း ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုခဲ့ခြင်းရှိမရှိ စာချုပ်ပါအချက်အလက်များ မှန်မမှန် အငြင်းပွှားသောကိစ္စရပ်တွင် သက်သေခံဥပဒေပုဒ်မ - ၆၄ အရ မူရင်းစာချုပ်စာတမ်းကို သက်သေခံအဖြစ် တင်ပြရမည်ဖြစ်ပါသည်။ ပုဒ်မ-၃၄ အရ နည်းလမ်းတကျ နေ့စဉ်ရေးမှတ်ထားသော စာရင်းစာအုပ်များအားလဲ သက်သေခံအဖြစ် တင်ပြခွင့်ရှိပါသည်။
တရားမမှုများတွင်လဲ အဆိုလွှာနှင့် တင်သွင်းထားသော သက်သေခံ စာရွက်စာတမ်းများရှိပါက တရားရုံးတွင် သက်သေခံအဖြစ် တင်သွင်းရန်လိုအပ်ပြီး သက်သေခံတင်သွင်းခြင်းမရှိသော စာရွက်စာတမ်းအား သက်သေများအား ပြသကာ စစ်ဆေးမေးမြန်းခွင့် မရှိပါ။ ပေါင်နှံခြင်းစာချုပ်အား မှတ်ပုံတင်ထားခြင်းမရှိလျှင် သက်သေခံမဝင်သော်လည်း အဆိုပါ ပေါင်နှံမှုအရ ပစ္စည်းအားလက်ရှိထားရှိကြောင်း လက်ဝယ်ထားသူမှ သက်သေထူခွင့်ရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com